အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်

နေပြည်တော်     ဩဂုတ်    ၂၃
   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသည်။
   ယင်းတွေ့ဆုံဆွေးနွေးပွဲသို့  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်  ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
   ထိုသို့တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)  ဥက္ကဋ္ဌ  စောမြရာဇာလင်းက လည်းကောင်း၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်းကောင်း နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ 
   ယင်းနောက်  ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများကရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိပကတိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးရာတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်စေလိုသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် ဒေသများအတွင်း  ရွေးကောက်ပွဲများ ကျင်းပရာ၌ လိုအပ်သည့်ပူးပေါင်းမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ မိမိတို့၏ သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

   ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 

video-upload