ဘားအံ အောက်တိုဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၄) သင်တန်းများဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က သင်တန်းတက်ရောက်ခွင့်ရရှိကြသည့် သင်တန်းသူများအား သင်ခန်းစာများကို ကြိုးစားသင်ယူပြီး စုပေါင်းနေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်အောင်လေ့ကျင့်၍ အထူးကြိုးစား သင်ယူ လေ့လာကြရန် ရက်သတ္တပတ် ၂၂ ပတ်ကြာသင်တန်း တက်ရောက်ကြမည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၃၀)ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသူ(၂၀)ဦးတို့ အတွက် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ အစရှိသည့် အခြေခံစားသောက်ကုန်များကို ကျောင်းအုပ် ဆရာမကြီးထံ ချီးမြှင့်ပေးအပ်ရာ သင်တန်းကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလားတူ လှိုင်းဘွဲမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မြိုင်ကြီးငူ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲကို လည်းကောင်း၊ နယ်စပ်ဒေတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း(ဘားအံ)၏ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၇)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၆)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၅) သင်တန်းများဖွင့်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။