ပခုက္ကူ အောက်တိုဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ယနေ့အထိ အမျိုးသမီးငယ် သင်တန်းသူ(၃၄၄၅)ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသမှအလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုသမီးငယ်များအား အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြင့်စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုအပိုဝင်ငွေ တိုးပွားလာစေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး၊ တတ်မြောက်ထားသောအတတ်ပညာရပ်များကို နည်းစနစ်မှန်ကန်စွာအသုံးချပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် စက်ချုပ်ဆိုင်များထူထောင်လုပ်ကိုင်နိုင်ရေးတို့အတွက် ရည်ရွယ်ကာ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ် ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်စေရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခဲ့ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်သည် လက်တွေ့ကျသောပညာရပ်တစ်ခုဖြစ်ပြီး သင်တန်းဆင်းသူများအနေဖြင့် မိမိသင်ယူတတ်မြောက်ထားသော ပညာရပ်များကိုလက်တွေ့အသုံးချကာ အောင်မြင်တိုးတက်သော ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်လုပ်ကိုင်စေလိုကြောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောသည်။
အဆိုပါသင်တန်းကျောင်းကို ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ၂၆ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၁)မှ(၃၇)အထိ သင်တန်းသူ ၇၆၀ဦး၊ အခြေခံ အိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၁)မှ(၄၀)အထိ သင်တန်းသူ ၁၉၅၄ ဦး၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)မှ(၁၀)အထိ သင်တန်းသူ ၃၅၅ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)မှ(၅)အထိ သင်တန်းသူ ၃၇၅ဦး၊ အိမ်တွင်းမှုကြိမ်/ဝါးသင်တန်းသူ တစ်ဦး၊ စုစုပေါင်း သင်တန်းသူ ၃၄၄၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ၁၇၇၂ဦးအား အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။