အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့အသုံးချပြီး ဘဝတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လွိုင်ကော်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ 
    သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအနေဖြင့် သင်ယူတတ်မြောက်လာသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လက်တွေ့အသုံးချပြီး မိမိတို့ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားကာ သင်တန်း၌ ထူးချွန်ဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်မှ သင်တန်းသူတစ်ဦးကို အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်သည်။ 
    ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပြီး သင်တန်းကျောင်းဆိုင်ရာအချက်အလက်များနှင့် သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
    ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ၏ အိမ်တွင်းမှု လက်ရာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။
    အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို မေ ၁၂ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စက်ချုပ်ဘာသာရပ် အမျိုး ၂၀၊ လက်မှုပညာဘာသာရပ် ၈ မျိုး၊ မုန့်လုပ်နည်းဘာသာရပ် ၅ မျိုးကို သင်တန်းသူ ၂၀ အား သင်ကြားလေ့ကျင့် ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph