ရန်ကုန် ၊ အောက်တိုဘာ ၈
နိုင်ငံတော်၏ မူဝါဒများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို လေ့လာသိရှိနိုင်စေရန် ဒေသန္တရ ဗဟုသုတ လေ့လာရေးခရီးများကို ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအား စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူ ၂၆၇ ဦးတို့သည် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားစာကြည့်တိုက်နှင့် စာဆိုဗိမာန်တို့သို့ ဒေသန္တရဗဟုသုတ လေ့လာရေးခရီး သွားရောက်ကြသည်။
ကျောင်းဆင်းပြီး နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်သည့်အခါ အဆိုပါ လေ့လာရေးခရီးများမှ ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့အသုံးချကာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တက်ကြွစွာပါဝင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။