ကော့သောင်း အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကော့သောင်းမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်ရှိ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေးက နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုး၍ အေးချမ်းတည်ငြိမ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် နည်းပါးစေရန် နယ်စပ်ဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကော့သောင်းမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်က ရည်ရွယ်ချက် ငါးရပ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် အခြေခံအိမ်တွင်းမှုပညာနှင့် အဆင့်မြင့်စက်ချုပ်ပညာတို့ကို တတ်မြောက်၍ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ပြီး သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး ပညာရပ်များကို စာတွေ့လက်တွေ့ ကြိုးစားသင်ယူကြရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်သော အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးကောင်းသမီးများဖြစ်အောင် နေထိုင်သွားကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အပ်ချုပ်ပညာ၊ လက်မှုပညာ၊ ခေတ်မီမော်တာစက်ချုပ်နည်း အပါအဝင် အိမ်တွင်းမှုသက်မွေးပညာများကို သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး ကော့သောင်းမြို့ရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ သင်တန်းသူ ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) ဖွင့်လှစ်
Post Paragraph
Paragraph Images