ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းပညာသင်ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၂၈
    ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
    ဦးစွာတိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက်တိုင်းမှူးနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းတွင် သင်ကြားပေးသွားမည့် လက်မှုပညာနမူနာပုံစံများကို လိုက်လံကြည့်ရှုသည်။
    အဆိုပါ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ အမျိုးသမီးများ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွား‌ရေး လုပ်ငန်းများ ထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်‌ကြောင်းနှင့် ယခုဖွင့်လှစ်သည့် စက်ချုပ်သင်တန်းကို သင်တန်းသူ ၃၀  ဦးဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph