လွိုင်ကော်မြို့၌ အမျိုးသမီးအိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲကျင်းပ

လွိုင်ကော်၊ အောက်တိုဘာ    ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင် နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍနှင့် အသက်မွေးပညာကဏ္ဍများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သက်မွေးပညာကဏ္ဍအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှု လက်မှုသင်တန်းကျောင်း(၉)ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၇)ကျောင်း ဖွင့်လှစ်ထားရှိကြောင်း၊ တိုင်းရင်းသူအမျိုးသမီးငယ်များသည် အိမ်တွင်းမှုသက်မွေးပညာရပ်များကို သင်ကြားတတ်မြောက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ခေတ်နှင့်လျော်ညီသည့် စက်ချုပ်သင်ခန်းစာများ၊ လက်မှုဘာသာရပ်များ၊ မုန့်လုပ်နည်း ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ရာ သင်တန်းသူများအနေဖြင့် ဘာသာရပ်အလိုက် သင်ခန်းစာများကို မိမိတို့လူမှုစီးပွားဘဝတွင် ပြန်လည်အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူ သွားကြရန် စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လွိုင်ကော်) ကျောင်းအုပ်ကြီးက အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားမည့် သင်တန်းနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ 
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်ကြားမည့် နမူနာလက်ရာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ကယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသူ (၂၀)ဦးအား စက်ချုပ်ဘာသာရပ်(၂၀)မျိုး၊ လက်မှုပညာဘာသာရပ်(၈)မျိုး နှင့် မုန့်လုပ်နည်း(၅)မျိုးတို့ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့အထိ ရက်သတ္တ(၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။