၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု သီးပင်ကုန်းကျေးရွာမှ ကန်နီကျေးရွာ အုပ်စု ကန်နီကျေးရွာ ဆက်သွယ်သော အမာခံလမ်း ၁ မိုင် ၃ ဖာလုံအနက် ကွန်ကရစ်ခင်းပြီး ကျန်ရှိနေသည့် ၇ ဖာလုံကို ၁၂ ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ဆောင်ရွက်ပေးမှုကြောင့် မိတ္ထီလာမြို့နယ်ရှိ အလည်ရွာ၊ ခင်တဲနှင့် ကန်နီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၃၆ ရွာတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်သီးနှံများ ရောင်းဝယ်ဖောက်ကားသယ်ယူပို့ဆောင်ရာတွင် ယခင်ကထက် ပိုမိုချောမွေ့လွယ်ကူလာခဲ့သဖြင့် ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိရောက်အကျိုးဖြစ်ထွန်းစေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။