မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီလ ၂၄ ရက်၊
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်သည် တာဝန်ရှိသူများလိုက်ပါလျက် (၂၃-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲပါသည်။
    ရှေးဦးစွာ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာအုပ်စု၊ တုံရွာကျေးရွာ မီးလင်းရေးအတွက် (၁၁) KV ဓာတ်အားလိုင်း (၃.၇) မိုင်နှင့် (၁၁/၀.၄ KV; ၂၀၀ KVA ခွဲရုံ) တည်ဆောက်နေမှုနှင့် လျှပ်စစ်မီးသွယ်တန်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် လျှပ်စစ်မီးလင်းရေးအတွက် စေတနာထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
    ဆက်လက်၍ ချောက်မြို့နယ်၊ စစ်ကွင်းတံတား ပြုပြင်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။