မုဒုံမြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်

မုဒုံ     အောက်တိုဘာ     ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၁၁) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခေတ္တပြည်နယ်ဝန်ကြီးချုပ်က အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားသည်။ 
ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများမှ ရက်လုပ်ပြသထားသည့် အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ လှည့်လည် ကြည့်ရှု အားပေးသည်။
အဆိုပါ သင်တန်းကို ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းတွင် သင်တန်းသူ ၂၅ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph