တစ်နေ့သောရုံးပိတ်ရက်တွင်-
စာရေးသူသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဆံပင်ညှပ်နေပါသည်။ အချိန်မှာ နံနက်ခင်း၊ နေရောင်နုနုသည် စိမ်းစိုသောသစ်ပင်၊ သစ်ရွက်များအပေါ်တွင် ပြေပြေလေး လှပစွာတောက်ပလျက် ရှိသည်။
ဆံသဆိုင်အတွင်း၌ လူငယ်၊ လူလတ်၊ လူကြီးတို့ အသွေးအရောင်စုံ၊ အရွယ်စုံ၊ ဒေသစုံ ရောက်ရှိနေကြလေသည်။ စကားသံ များလည်းအစုံကြားရ၏။ မိမိတို့ ကျင်လည်ရာပတ်ဝန်းကျင်၏ လူမှုဒုက္ခသုခအစုံလည်းပါ၏။ ပျော်စရာကောင်းသော၊ လွမ်းမောစရာကောင်းသော စကားသံများလည်း ပါဝင်လေ၏။
ထိုအခိုက် တစ်ခုသော “စကားသံ” က အားလုံး၏ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။ ခေတ္တမျှ တိတ်ဆိတ်သွားစေခဲ့သည်။ လှပသောနံနက်ခင်းကို အကျည်းတန်သွားစေခဲ့သည်။
“နတ်သံကွင်းတံတားကို မိုင်းခွဲလိုက်ကြပြီ၊ စစ်တောင်းမြစ်ကူး တံတားကျိုးကျသွားတယ်။ မြစ်အရှေ့ဖက်ကမ်းနဲ့ အနောက်ဖက်ကမ်းကူးဖို့ သွားရေး၊ လာရေး မလွယ်တော့ဘူး။ ကျုပ်က နတ်သံကွင်း မှာနေတာ၊ နတ်သံကွင်းကနေ မြစ်ကမ်းပါးကို ဆိုင်ကယ်ငှား၊ ကမ်းပါးကနေ လှေဆိပ်ကို လူတွေ၊ ပစ္စည်းတွေ ခက်ခက်ခဲခဲဆင်း၊ ပြီးရင် စက်လှေနဲ့ကူး၊ တဖက်ကမ်းမှာ ဆိုင်ကယ်ဆက်ငှား။ နတ်သံကွင်းကနေ ရန်ကုန် - မန္တလေး လမ်းဟောင်းရောက်ဖို့ ငွေငါးသောင်း လောက်ကုန်တယ်၊ အရင်က ငါးထောင်၊ အခုတော့ ဆယ်ဆဗျာ။ ဒေသကို တော်တော် ဒုက္ခ ပေးတဲ့ နတ်ဆိုးတွေ။ ဒေသခံတွေဘဲ ဒုက္ခရောက်ကြတယ်။ ဆက်သွယ်ရေးနဲ့ လုံခြုံရေး မကောင်းတော့ ဘာမှလုပ်စားလို့လည်း မရတော့ဘူး။ ဆင်းရဲဒုက္ခ ရောက်ကုန်ကြပြီ” ဟူသော ဒေသတစ်ခုမှ နိုင်ငံသားတစ်ဦး၏ ညည်းညူသံသည် ကျွန်ုပ်တို့၏ နှလုံးသား အတွင်းပိုင်း အထိ အပူကူးစက်စေခဲ့ပါသည်။
မကြာသေးမီကာလတစ်ခုကပင် ငြိမ်းချမ်းရေးကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးချမ်းသာယာ ဝပြောမှုအသီးအပွင့်များ ခံစားနေရပြီဖြစ်သော ဒေသတစ်ခုအတွက် စိတ်မအေးချမ်းဖွယ် ဖြစ်မိရပါသည်။
“မုန်း” ဒေသဖွံ့ဖြိုးရေး
စာရေးသူသည် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ဝန်းကျင်ခန့်က တောင်ငူ၊ ဖြူး၊ ထန်းတပင်၊ နတ်သံကွင်း၊ ကျောက်ကြီးဒေသများသို့ တာဝန်ဖြင့် အကြိမ်ကြိမ်ရောက်ရှိခဲ့သည်။ “မုန်း” ဟုအမည် ရှိသည့် “ချစ်စရာဒေသ” တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။
“မုန်း” သည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်အစပ်ရှိ ကျောက်ကြီးမြို့နယ်အတွင်းမှ မြို့ငယ်လေးတစ်မြို့။ စိမ်းစိုနေသည့်လယ်ကွင်းပြင်များ၊ ကြည်လင် အေးချမ်းစွာစီးဆင်းနေသည့် ချောင်းများ၊ နောက်ခံအခြွေအရံတောင်တန်းကြီးများနှင့် သာယာလှပ နေသည့်မြို့လေးပင်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည်နယ်စပ်ဒေသများနှင့်ထိတွေ့ဆက်စပ်နေသည့်တိုင်းဒေသကြီး၂ ခု၊ ပြည်နယ် ၇ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ်ပေါင်း ၁၁၆ မြို့နယ်တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေး၊ စွမ်းအင်လုပ်ငန်းနှင့် သာသနာရေးဆိုင်ရာလုပ်ငန်းများ တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုဒေသများအပြင် “မုန်း”ဒေသကဲ့သို့ ဖွံ့ဖြိုးရန်လိုအပ်သော မြို့နယ်ပေါင်း ၅၃ မြို့နယ်တွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
တောင်ငူ- မုပ္ပလင်လမ်းဘေးတွင် “မုန်း”ဈေးရှိ၏။ ထို “မုန်း” မြို့ဈေးလမ်းမှ ရေအိုးစဉ်ကျေးရွာ သို့သွားသည့် ကျေးရွာချင်းဆက်လမ်းကား ကျင်းချိုင့်ပေါ၏။ ရွှံ့ဗွက်ထူ၏။ မညီမညာပျက်စီးနေခဲ့၏။ ဒေသခံများသွားလာရ ခက်ခဲခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့လေပြီ။ ဒေသခံများက လမ်းအား အဆင့်မြှင့်တင် ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုလမ်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် ၂၁၉၅ ပေ၊ ဒုတိယနှစ် ၂၀၁၈- ၂၀၁၉ တွင် လမ်း ၆၉၈၅ ပေအား စုစုပေါင်း လမ်းအရှည် ၉၁၈၀ ပေ ၊ အကျယ် ၁၄ ပေ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းအား ငွေကျပ် ၃၁၅.၂၀၅ သန်းဖြင့် ကောင်းမွန်စွာ ဖောက်လုပ်ပြီးစီးခဲ့ ပါသည်။ ဒေသလိုအပ်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သော လမ်းလုပ်ငန်း တစ်ခုပင်ဖြစ်ပါသည်။
“မုန်း” သို့
အချိန်ကာလတို့ ကြာခဲ့ပြီဟု ဆိုငြားသော်လည်း အတိတ်တို့သည် ပစ္စုပ္ပန်ကို စောင်းပါးရိပ်ခြည် မျက်နှာလာပြစမြဲပင်။ ထို့ကြောင့် သွားလာခဲ့ဖူးသည့် ထိုလမ်းနှစ်သွယ်စလုံး၏ လမ်းပိုင်းတစ်ခုလုံးကို မှတ်မိမြင်ယောင်နေခဲ့သည်။ လမ်းဘေးဝဲယာရှုခင်းတွေကိုလည်း စာရေးသူ၏အတွေးထဲ အလွတ်ရ နေဆဲဖြစ်ပါသည်။
ရန်ကုန်- မန္တလေးလမ်းမကြီးမှ “မုန်း” သို့သွားရန်လမ်း ၂ သွယ်ရှိသည်။
ဖြူး- နတ်ရေကန်- တံခွန်တိုင်- ကျားသောင်- ဝဲကြီး- အုတ်ဖြတ်- ကရင်ကျကျေးရွာမှ “မုန်း”သို့၊
သွားသည့်လမ်းမှာ အတိုဆုံးလမ်းဖြစ်သည်။
ဒုတိယလမ်းမှာ ပဲနွယ်ကုန်း- နတ်သံကွင်း- ကျောက်ကြီး မှ “မုန်း” သို့ဖြစ်ပါသည်။
စာရေးသူရောက်ခဲ့စဉ်က အုတ်ဖြတ်- မုန်းတံတားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက
တည်ဆောက်နေဆဲကာလဖြစ်သည်။
ထို့ကြောင့် ဖြူးမြို့မှ “မုန်း” သို့သွားရန် ကရင်ကျကျေးရွာအနီးတွင် စစ်တောင်းမြစ်ကို ဖြတ်ကူး ရ၏။ မိုးနှောင်းကာလမို့ စစ်တောင်းမြစ်ရေပြည့်နေချိန်ဖြစ်၏။ ထို့ကြောင့် လူ၊ ဆိုင်ကယ်၊ ကားများ ဖောင်ဖြင့် ဖြတ်ကူးရ၏။ ရေစီးသန်သော မြစ်တစ်စင်းဖြစ်သည့်အတွက် အန္တရာယ်အလွန်များလှပေ သည်။ ရေကျချိန်များတွင်မူ မြစ်နှစ်ဖက်ကမ်းအား ယာယီဖောင်တံတား ထိုးထား၏။ ထိုအပေါ်မှ တစ်စီးပြီးတစ်စီး ဖြတ်ကြရလေသည်။ “မုန်း” သို့သွားရန် စစ်တောင်းမြစ်ကို ဖောင်ဖြင့် ကူးခဲ့ရသည့် အတွေ့အကြုံမှာ မမေ့နိုင်စရာ အထင်ကရပြယုဒ်တစ်ခု ဖြစ်ခဲ့ဖူးသည်ဟု “မုန်း” ဒေသခံများက ဆိုပါသည်။
၂၀၂၂ ခုနှစ်တွင် အရှည် ၆၂၀ ပေရှိ အုတ်ဖြတ်- “မုန်း” စစ်တောင်းမြစ်ကူးတံတားကြီး တည်ဆောက် ပြီးစီးခဲ့ပါသည်။
ထို့ကြောင့် ယခုအခါ ဒေသခံများသည် စစ်တောင်းမြစ်အား တံတားကြီးပေါ်မှ အချိန်မရွေး ဖြတ်သန်းသွားလာနိုင်ခဲ့ကြလေပြီ။ အချိန်ကုန်၊ လူပန်း သက်သာစေခဲ့ပေပြီ။ ကုန်စည်စီးဆင်းမှု သွက်လက် လျှင်မြန်စေခဲ့ပြီ။
ဒုတိယလမ်းမှာ ညောင်လေးပင်မှတစ်ဆင့်သွားရသည်။ ထိုလမ်းမှာ နတ်သံကွင်းမြို့အနီးရှိ စစ်တောင်းမြစ် ကူးတံတားကြီးကိုဖြတ်ရ၏။ စစ်တောင်းမြစ် ရစ်ခွေစီးဆင်းနေသည့် နတ်သံကွင်းမြို့ ကို မြစ်ကမ်းဘေးကားလမ်းအတိုင်းပတ်၍သွားရသည်။ နတ်သံကွင်းမှ- ကျောက်ကြီး၊ ကျောက်ကြီးမှ “မုန်း”သို့ဆက်သွားရပါသည်။ ပထမလမ်းထက် ခရီးပိုဝေးသော်လည်း မြစ်ကူးတံတားရှိခြင်းကြောင့် အချိန်ရာသီမရွေး လွယ်ကူစွာသွားလာနိုင်ခဲ့ပါသည်။
ထို့ကြောင့် ဤတံတားကြီးသည် ဒေသခံတို့၏ “အသက်ဝိညာဉ်” ဖြစ်သည်ဟုဆိုလျှင် မမှားနိုင်ပါ။
“မူး” မှ “မုန်း”
လုပ်ငန်းခွင် ဆောင်ရွက်နေဆဲကာလများ၌ ဗမာ၊ ကရင်၊ ရှမ်းတိုင်းရင်းသားတို့ အဓိကနေထိုင် ကြသော “မုန်း” ဒေသအကြောင်းကို ဒေသခံများမှတစ်ဆင့် တစ်စိတ်တစ်ပိုင်း သိခွင့်ရခဲ့သည်။
“မုန်းချောင်းကို ရှေးက မူးချောင်းလို့ခေါ်ကြတယ်။ ချောင်းရေအရသာက အခြားချောင်း တွေထက် ပိုကြည်ပိုသန့်လို့ တစ်မူးသာတယ်ဆိုပြီး မူးချောင်း၊ နောက်တော့ မုန်းချောင်း လို့ ပြောင်းခေါ်တာလို့ ဘိုးဘွားတွေကပြောကြတယ်။ ပါးစပ်ရာဇဝင်ပေါ့ဆရာ။ မုန်းချောင်းက စစ်တောင်းမြစ်ထဲစီးဝင်တာ။ အရင်အချိန်တွေဆို ချောင်းရေဟာ မိုးရွာချိန်ကလွဲလို့ အမြဲ ကြည်လင်နေခဲ့တာ။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မုန်းချောင်းဖျားမှာ ရွှေတူးဖော်ခွင့်တွေ ပေး လိုက်တော့ ရွှေလုပ်ငန်းခွင်က ရွှံ့တွေကြောင့် ချောင်းရေတွေနောက်လာတယ်။ အခုတော့ ဟို တစ်ချိန်က မြင်ကွင်းတွေ၊ ကြည်နူးခဲ့ရတဲ့အရသာတွေလည်း ပျောက်ကုန်ခဲ့ပါပြီ” ဟု “မုန်း” ဒေသခံ ကိုစိုးမင်းနောင်က တမ်းတမ်းတတ ပြောပြပါသည်။
“မုန်း” မြို့၏ အရှေ့ဖက်ခြမ်းတွင် ကရင်ပြည်နယ် တောင်တန်းကြီးများကား ခန့်ငြားစွာတည်ရှိ ၏။ ထို “မုန်း” အရှေ့ တောင်ပေါ်ဒေသများတွင် ကွမ်းသီးခြံများ အများအပြားရှိသည်။ အိမ်တိုင်းလိုလို ပန်းအလှပင်များ၊ ဒူးရင်း၊ မင်းကွတ်၊ ဒညင်းသီး၊ ကွမ်း (ကွမ်းကြမ်း) များစိုက်ပျိုးထားကြပါသည်။
အရင်အချိန်များက ဤဒေသတွင် သစ်ထုတ်လုပ်ရေးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ခဲ့ကြ ဖူးသည်။ ဒီဇင်ဘာလဆိုလျှင် “မုန်း” ဝန်းကျင်ကြံခင်းများမှ ဇေယျဝတီသကြားစက်သို့ ကြံတင်ပို့မှု ကလည်း အရမ်းများခဲ့ဖူးပါသည်။
ငြိမ်းချမ်းစွာဖြင့် ဒေသဖွံ့ဖြိုးခဲ့မည်ဆိုပါက စစ်တောင်းမြစ်နှင့် မုန်းချောင်းဆုံတွေ့ရာ ဤဒေသ သည် သဘာဝက ပေးအပ်ထားသည့် အလှတရားများ ကြွယ်ဝစွာရှိခြင်းကြောင့် ခရီးသွား လုပ်ငန်း အတွက် များစွာအထောက်အကူ ပြုနေပါလိမ့်မည်။
မြူခိုးများဝေနေသော တောင်ကြားတစ်လျှောက် ပုံစံထူးခြားသော ကျောက်တုံး၊ ကျောက်ဆိုင် များကို ဖြတ်သန်းလျက် အေးအေးငြိမ့်ငြိမ့် စီးဆင်းနေသော ချောင်းငယ်လေးများ၊ တစ်မျှော်တစ်ခေါ် ကျယ်ပြောစိမ်းမြနေသော လယ်ကွင်းပြင်များ၊ တိမ်သား၊ တိမ်ဆိုင်၊ တိမ်ထုတို့ နှင့် တစ်သားတည်း ထိစပ်နေသည့် တောင်တန်းအထပ်အလိပ်များ၊ တောင်စောင်းများ၊ ချောင်းကမ်းပါးများပေါ်ရှိ တောင်ယာတဲများမှ တလူလူလွင့်နေသော မီးခိုးငွေ့များ၊ ချစ်စရာဓလေ့များ နှင့် ဒေသခံတိုင်းရင်းသား တို့၏ ရိုးရှင်းသော ကျေးရွာကလေးများဖြင့် စုစည်းမှုအဖုံဖုံတို့ကား ဆွတ်ပျံ့ကြည်နူးဖွယ် ပန်းချီကား တစ်ချပ်ပမာ ဖြစ်တည်နေကြသည်။
ဒေသ၏ ထင်ရှားကျော်ကြားလှသော ကျောက်ခဲကြီးတောင်၊ ရက္ခတောင်နှင့် ရှင်သီဝလိ ခြေတော်ရာ တောင်တို့ကလည်း ပန်းချီကားကို ပိုမိုပြည့်စုံအောင် အားဖြည့်ပံ့ပိုးထားသလိုပင်။
ထိုစဉ်အချိန်က “မုန်း” ၏ရာသီ၊ “မုန်း” ၏ဖြစ်တည်မှု၊ တော၏အရောင်၊ တောင်၏အသွေး စသည့် အလှတရားများကို ပြန်လည်ခံစားရင်း “စစ်တောင်းမြစ်ကူးတံတားများအကြောင်း” တွေးတော မိပြန်သည်။
စစ်တောင်းမြစ်ကူးတံတားများ
၂၆၁ မိုင် အရှည်ရှိ စစ်တောင်းမြစ်တစ်လျှောက် မြစ်အရှေ့ဖက်ခြမ်းဒေသများရှိ အချို့ဒေသ များမှာ ဖွံ့ဖြိုးမှုနောက်ကျနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်က တံတားအထူးအဖွဲ့များဖြင့် မြစ်ကူးတံတားများကို တည်ဆောက်ပေးခဲ့ပါသည်။ ကမ်းနှစ်ဖက် အလွယ်တကူဖြတ်ကူးနိုင်ပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုနှင့်အတူ ထိုဒေသများ၏ စီးပွားရေး၊ လူမှုရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာ စေရန် ရည်ရွယ်ပါသည်။
ပေ ၆၈၀ ရှိ စစ်တောင်းတံတား (တောင်ငူ)၊ ပေ ၁၂၀၀ ရှိ ထန်းတပင်တံတား၊ ပေ ၁၂၀၀ ရှိ မြို့စိုးတံတား၊ ပေ ၇၂၀ အရှည်ရှိ နတ်သံကွင်းတံတား၊ ၁၅၀၀ ပေအရှည်ရှိ မဒေါက်တံတား၊ မုပ္ပလင်ရှိ အရှည် ၂၃၂၀ ပေရှိ စစ်တောင်းမြစ်ကူးတံတား (အဟောင်း)နှင့် ၂၃၉၂ ပေ အရှည်ရှိ စစ်တောင်းမြစ်ကူး တံတား (အသစ်) တို့ဖြစ်သည်။ နောက်ဆုံးတည်ဆောက်ပြီးစီးသော တံတားမှာ ဖြူး- အုတ်ဖြတ်- “မုန်း” လမ်းပေါ်ရှိ အရှည် ၆၂၀ ပေရှိ တံတားအပါအဝင် စစ်တောင်းမြစ်ကူးတံတား ၇ စင်း ရှိပါသည်။
တံတားတစ်စင်း တည်ဆောက်ရာဝယ်
နိုင်ငံတော်အနှံ့ လမ်းများဖောက်ကြရာတွင် မြစ်ချောင်းများကို မလွဲမသွေဖြတ်ကြရသည်။ ထိုမြစ်ချောင်းများကို ဖြတ်သန်းရန် တံတားများ မဖြစ်မနေ တည်ဆောက်ရပါသည်။ မြစ်ကူး၊ ချောင်းကူး တံတားတစ်စင်းတည်ဆောက်သည့်လုပ်ငန်းမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
စာရေးသူတို့ “နတလဦးစီးဌာန” သည် နယ်စပ်ဒေသများ၌ တစ်နေရာမှ တစ်နေရာသို့ လွယ်ကူ စွာ ဆက်သွယ်သွားလာနိုင်ရေးအတွက် လမ်းလုပ်ငန်း၊ တံတားလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက် ပေးလျက်ရှိပါသည်။
နယ်စပ်ဒေသများ၌ လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောထူထပ်၍ တောင်များ မတ်စောက်သော ဒေသများဖြစ်သဖြင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရမြဲဖြစ်ပါသည်။ လူသူ အရောက်အပေါက်နည်းသော ဒေသများဖြစ်သဖြင့် နှစ်စဉ်မိုးရေချိန်နှင့် ရေစီးကြောင်းပြောင်းလဲမှု (Annual data) ကို မှန်မှန်ကန်ကန် ရရှိရန်ခက်ခဲလှသည်။ တောင်ပေါ်ဒေသများဖြစ်၍ စက်ယန္တရား များနှင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ပို့ရာ၌ ကုန်ကျစရိတ် ပိုမိုများပြားသည်။ တောင်ကျချောင်း များဖြစ်သဖြင့် ရေအတက်အကျခန့်မှန်းရန်လည်း ခက်ခဲပြန်ပါသည်။ ထိုသို့ အမြင့်ဆုံး ရေအမှတ် (Hight Flood) ခန့်မှန်းရန်ခက်ခဲသည့်နေရာများတွင် တံတား၏ရေလည်တိုင် (Pier height) များအား မြှင့်၍ တည်ဆောက်ပေးရပါသည်။
ကျွမ်းကျင်လုပ်သား (Skill Labor ) လည်း ဒေသမှရရှိရန် ခက်ခဲပေသည်။ သဘာဝဘေး အန္တရာယ်များကိုလည်း ကြုံတွေ့ကြရသည်။ မတ်စောက်လှသောတောင်များကြောင့် မြေကြီးလုပ်ငန်း ပမာဏများပြားပြီး Landslide မြေပြိုခြင်းများ မကြာခဏကြုံတွေ့ရတတ်ပြန်သည်။ ထို့အပြင် တံတား Foundation နှင့် Pile လုပ်ငန်းများသည် မိုးပြင်းထန်စွာရွာသွန်းမှု၊ တောင်ကျချောင်းများ၏ ရေစီးကြမ်းတမ်းမှုကြောင့် ရေတိုက်စား၍ ပျက်စီးတတ်ပါသေးသည်။ ထို့ကြောင့် မြေပြန့်ဒေသ လုပ်ငန်းများထက် တောင်ပေါ်ဒေသလုပ်ငန်းများကပိုမို၍ ကုန်ကျစရိတ်ကို များပြားစေခဲ့ပါသည်။
ဤသို့ပင် ဆောက်လုပ်ရေးဝန်ကြီးဌာနက မြစ်ကူးတံတားကြီးများ တည်ဆောက်ကြရာ၌ အကြို အင်ဂျင်နီယာလုပ်ငန်းများ၊ Survey များစတင်ချိန်ကအစပြု၍ တွေ့ကြုံရသည့် အခက်အခဲများကား ဆိုဖွယ်ရာမရှိ များလွန်းလှပေလိမ့်မည်။ ထိုသို့ မြစ်ကူးချောင်းကူးတံတားကြီးတစ်စင်း ပြီးစီးရန်လည်း နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ကြရသည်။ နိုင်ငံတော်သည် နိုင်ငံသားတို့အတွက် ရေရှည် ဖြတ်သန်း အသုံးပြုနိုင်စေရန် စိန်ခေါ်မှု၊ အခက်အခဲမျိုးစုံကြားမှ “နတ်သံကွင်းတံတား” ကဲ့သို့သော မြစ်ကူးတံတားပေါင်းများစွာကို တည်ဆောက်ပေးခဲ့ပါသည်။
သို့သော် စဉ်းစားဉာဏ်မဲ့သူတို့လုပ်ရပ်ကြောင့် ဒေသတစ်ခုအတွက် အသက်ဝိညာဉ်နှင့်တူလှ သော တံတားကြီးတစ်စင်းမှာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ကျိုးကျပျက်စီးခဲ့ရလေပြီ။
အကျိုးဆက်မှာ တိုသောခရီးများ ပိုဝေးခဲ့ပြီး၊ ဝေးသောခရီးများ ပို၍ရှည်ခဲ့ပေပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ငြိမ်းချမ်းရေးသည် တန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးခဲ့လေပြီ။
အမှန်တကယ်ငြိမ်းချမ်းရေး
နိုင်ငံတော်ဝန်ကြီးချုပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာရပ်တည်၍ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေး အမြဲဖိတ်ခေါ် လမ်းဖွင့်ထားပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုသည်ဟု သိရှိပါကြောင်း၊ ဒေသတွင်းတည်ငြိမ် အေးချမ်းမှုရှိပါက ယခု ထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ပြီး ဒေသတစ်ခုချင်းအလိုက် တည်ငြိမ်အေးချမ်းမှုရှိခြင်း မှသည် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကို အခြေခံ၍ ဆောင်ရွက်၍ ရမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များ ကို လုံးဝလက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း” ဟု အကြိမ်ကြိမ်အသိပေးခဲ့ပါသည်။
“မုန်း” ကို အမြဲပြုံးစေချင်ပြီ
ဤနတ်သံကွင်း၊ ကျောက်ကြီး၊ “မုန်း”နယ်မြေသည် ၂၀၀၃ ခုနှစ် လောက်အထိ ညဘက်အရေး ကြီးကိစ္စ အပြင်ထွက်လျှင် တစ်ကိုယ်လုံးမြင်သာအောင် မီးတုတ်ထွန်းပြီးမှ ထွက်ခဲ့ကြရသည့် အချိန် ကာလ များရှိခဲ့သည်။ ဤဒေသသည် လုံခြုံရေးအရ အရောင်ခပ်ရင့်ရင့် သတ်မှတ်ခဲ့ရသည်။ ကျိန်စာသင့် နယ်မြေတစ်ခု ဖြစ်ခဲ့ဖူးပါသည်။ ထိုမှတဖန် ငြိမ်းချမ်းရေး၏အသီးအပွင့်များကို ချိုမြိန်စွာခံစားခဲ့ရပြန် သည်။ ဒေသ၏ အရောင်သည် ခပ်နုနုခပ်ဖျော့ဖျော့သို့ ပြောင်းလဲလာခဲ့၏။
ယခုတော့ တစ်ခါအရောင် ပြန်၍ရင့်ခဲ့ပြန်လေပြီ။
ဤဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးရန် “မုန်း” သို့ ရောက်စဉ်ကာလသည် အရောင် နုနု အချိန်ဖြစ်သည်။ ဒေသ၏ ကြည်နူးဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အခင်းအကျင်းကြောင့် -
အရင်တုန်းက
တဒက်ဒက်၊ တဒုန်းဒုန်းနဲ့
“မုန်း” ဟာ ငရဲ........
စစ်ပွဲတွေကို စက်ဆုပ်ပေမဲ့
ရှောင်လွှဲဖို့ကို ကြိုးစားမရခဲ့ဘူး......။
ညမှောင်ရင်
မီးရောင်မပြရဲခဲ့တဲ့ “မုန်း”ဟာ
အခုတော့သာယာပုံကဲ
မိုးကဖွဲဖွဲရွာ
နေကကျဲကျဲကိုပူလို့.....။
မုန်တိုင်းလည်းမတိုက်
လေကြီးမိုးကြီးလည်းမကျ
လျှပ်စီးလည်းမလက်နဲ့
“မုန်း” ရဲ့ နံနက်ခင်းဟာ၊ နေစာလှုံရင်း လတ်ဆတ်လို့
“မုန်း” ရဲ့ နေ့လယ်ခင်းဟာ၊ ဖြူစင်စွာတည်ငြိမ်လို့
“မုန်း” ရဲ့ ညနေခင်းဟာ၊ တိမ်တွေနဲ့တောက်ပလို့
“မုန်း” ရဲ့ ညအိပ်မက်တွေဟာ၊ လှပစွာချိုမြိန်လို့
ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေနဲ့
အိန္ဒြေရလိုက်တာဗျာ......
အမည်နဲ့ ကွာလိုက်ပုံများ
ကြည့်စမ်း.....
“မုန်း”......က
ခပ်ပြုံးပြုံးကြီးနဲ့ ကြိုလို့
“မုန်း” ကို ချစ်လိုက်တာ......ဟု
“မုန်း” အတွက် ကြည်နူးစွာဖြင့် စာတစ်ပုဒ်ရေးဖွဲ့ခဲ့ဖူးပါသည်။
...........................
ယခုအချိန်တွင် “မုန်း” ၏ အပြုံးများသည် ခြောက်သွေ့နွမ်းလျော်၍ ပြန်လည်ပျောက်ဆုံးခဲ့ ပြန်လေပြီ။
ဒေသအသီးသီးတွင် အနိဋ္ဌာရုံများ အမြန်ချုပ်ငြိမ်းပပျောက်ပြီး ဒေသတွင်းငြိမ်းချမ်းရေး အသီး အပွင့်များ ရရှိခံစားနိုင်စေရန် ထာဝရငြိမ်းချမ်းရေးသည်သာ နိုင်ငံသားအားလုံး၏ ဆန္ဒ၊ နိုင်ငံသား အားလုံး၏ မျှော်လင့်ချက် ဖြစ်တော့သည်။
ထာဝရငြိမ်းချမ်းရေး ရစေချင်ပါပြီ.......။
ဒေသဖွံ့ဖြိုးရေးများ ပြန်မြင်ချင်လှပါပြီ......။
“မုန်း”ကို အမြဲပြုံးစေချင်ပြီ.......။
ဝ ထ က လ သ
(နတလ)