နေပြည်တော်မှာ တစ်ထောက်နားလို့ အင်းလေးကိုတဲ့ သွားကြမယ်

သည်ချိန်၊ သည်ခါ၊ သည်ကာလရောက်ပြီဆိုမှဖြင့် ကျွန်တော်တို့ရုံးရှေ့မှာ အလွန် လှပသော၊ အရောင်အသွေးစုံသော၊ မွှေးရနံ့တို့ သင်းထုံပျံ့လွင့်နေသော ပန်းခင်းကြီး တစ်ခင်းက ပေါ်ပေါက်လာစမြဲဖြစ်သည်။ မွှေးရနံ့ဟု ဆိုရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စုံစုံညီညီရောက်ရှိလာသော စံပယ်လို တစ်မျိုး၊ နှင်းဆီလို တစ်ဖုံ၊ ခတ္တာလို တစ်သွယ်၊ ပန်းသော်ကနှယ်သို့၊ စိမ်းတချို့ ၊ ဝါတစ်လီ၊ နီတစ်ထွေဖြင့် လှချင်တိုင်းလှနေကြသော ပြည်ထောင်စုပန်းခင်းကြီးထဲမှ ထွက်ပေါ်လာသည့် ပြည်ထောင်စုစိတ်ဓာတ် ပန်းရနံ့များဖြစ်သည်။
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ B.Edငါးနှစ်သင်တန်းအမှတ်စဉ် (၁) မှ သင်တန်းသား၊ သင်တန်းသူ ၂၂၃ ဦး တို့အား နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စု ပန်းခင်းကြီးဟု ကျွန်တော် တင်စားခေါ်ဝေါ်လိုက်သည်နှင့် လျော်ညီစွာ သူတို့လေးတွေ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တည်းဟူသော တိုင်းရင်းသားလူမျိုးများအားလုံး ပါဝင်လျက်ရှိသည်။ ထို့အပြင်တဝ သေချာစွာ စေ့ငုလေ့လာကြည့်သောအခါ ယခုရောက်ရှိလာသော သင်တန်းသား သင်တန်းသူ များထဲတွင် ကချင်ပြည်နယ်ထဲက ရှမ်းတိုင်းရင်းသား၊ ရှမ်းပြည်နယ်ထဲက ရခိုင် တိုင်းရင်းသား၊ ကယားပြည်နယ်ထဲက ဓနုတိုင်းရင်းသူ၊ တနင်္သာရီတိုင်းဒေသကြီး ထဲက မွန်တိုင်းရင်းသူစသည်ဖြင့် တွေ့မြင်ရမည်ဖြစ်ပေရာ ဤသည်ပင်လျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ ရောနှောနေထိုင်လျက်ရှိကြသည့် ပြည်ထောင်စုငယ်ကလေးများ တည်ရှိ နေသည့် ပြယုဂ်ပေတည်း။
ထို့အပြင် လူမျိုးစုများလည်း များစွာပါဝင်လာကြသည်။ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဂျိန်းဖော၊ လာချိတ်၊ ဂျိန်းဖော/ခခူး၊ ခ္တီးရှမ်း၊ ကယန်း/ပဒေါင်၊ ယင်းဘော်၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ စကောကရင်၊ ပိုးကရင်၊ ဘွဲ့ကရင်၊ ငရာ့ချင်း၊ ဒိုင်ချင်း၊ တီးတိန်ချင်း၊ ဇိုဖေချင်း၊ ဇိုတုန်းချင်း၊ မွင်းချင်း၊ တိုက်ချွန်းချင်း၊ လိုင်ချင်း၊ ချင်းပုံ၊ မွန်ချင်း၊ အရှိုချင်း၊ အူပူးချင်း၊ တန်ရှန်းနာဂ၊ ကူကီးနာဂ၊ ပါရာနာဂ၊ ကဒူး၊ ဂုဏ်ဝမ်ပိုညို၊ ရှမ်းနီ၊ မြိတ်၊ ထားဝယ်၊ ခမီ၊ ဒိုင်းနက်၊ တောင်ရိုး၊ ရှမ်းကြီး၊ မောရှမ်း၊ ပလောင်၊ လားဟူ၊ ''ဝ''၊ အာခါ စသည်တို့ ဖြစ်ကြသည်။
သင်တန်းသား သင်တန်းသူလေးများအား ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကဲ့သို့ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးရခြင်းမှာ နိုင်ငံတော်၏ ဖြစ်ပေါ် ပြောင်းလဲတိုးတက်နေမှုများကို တွေ့မြင် သိရှိရလေအောင်၊ နှစ်ပေါင်းရာထောင်ချီ၍ ထည်ထည်ဝါဝါ တည်ရှိလာခဲ့သော အမိနိုင်ငံတော်အတွင်းမှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ကြည့်ရှုလေ့လာနိုင်အောင် ဖြစ်ကြောင်း၊ လေ့လာရေးခရီးစဉ်မှ ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် ပြန်လည် အသုံးချစေလိုကြောင်း၊ လူငယ်များ၏ အနာဂတ်အလင်းရောင်သည် စာပေဖြစ်ပြီး ''အလိမ္မာ စာမှာရှိ'' ဟူသော ဆိုရိုးစကားနှင့်အညီ လူ့လောကကြီးထဲက လူတွေရဲ့ဘဝ အဖုံဖုံ၊ ဇာတ်ကြောင်းအဖုံဖုံ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ အစုံအလင်တို့အား သိရှိ လေ့လာနိုင်ရန်အတွက် စာများများဖတ်ဖို့လိုကြောင်း၊ မောင်တို့ မယ်တို့အနေနဲ့ ဆရာ/ဆရာမများအဖြစ် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဦးဆောင်ဦးရွက်ပြုရမည့် သူများဖြစ်သည့်အတွက်လည်း လူတိုင်းလူတိုင်း၏ ကိုယ်နှုတ်နှလုံးစောင့်စည်းမှု အကျင့်သိက္ခာဖြစ်သော စာရိတ္တမဏ္ဍိုင် မယိုင်မလဲအောင် ထိန်းသိမ်းစောင့်ရှောက် သွားဖို့ လိုကြောင်း၊ ရိုသားဖြောင့်မတ်စွာ ကျင့်ကြံနေထိုင်ကြရန်၊ အချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် တစ်ဦး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံများကို တစ်ဦးက လေးစားလိုက်နာကြရန်၊ နိုင်ငံတော်အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ် ဒွန်တွဲ လိုအပ်နေသော အရာများဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံကို ကျင်းပလျက်ရှိရာ မိမိတို့ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးမြဝင်း ဦးဆောင်လျက် ပါမောက္ခ၊ နည်းပြ ဆရာ/ဆရာမကြီးများ အနီးကပ် ကြီးကြပ်လိုက်ပါကာ အဆိုပါ သင်တန်းသား၊ သင်တန်းသူ လေ့လာရေးအဖွဲ့ဝင်များ သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမိတက္ကသိုလ်မှ စတင်ထွက်ခွာလာကြပြီး ပခုက္ကူမြို့ရှိ သီဟိုရှင်ဘုရားကိုလည်းကောင်း၊ ပုဂံ၊ ညောင်ဦးဒေသရှိ ရွှေစည်းခုံ၊ လောကနန္ဒာ၊ အလိုတော်ပြည့်၊ ဓမ္မရံကြီး ဘုရားများကိုလည်းကောင်း ဖူးမြော်၍ ယွန်းပညာကောလိပ်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်တို့သို့ ဝင်ရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျောက်ပန်းတောင်း/ ပုပ္ပားဒေသသို့ ရောက်ရှိကြပြီး တောင်ကလပ်ကို တက်ရောက်ကာ ထိုမှတစ်ဆင့် မိတ္ထီလာမြို့သို့ ထွက်ခွာ၍ မြေပြင်အတတ်သင်လေတပ်စခန်းသို့ ရောက်ရှိလေ့လာ ခဲ့ကြသည်။ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ္ထီလာမှ နေပြည်တော်သို့ ဆက်လက်ထွက်ခွာပြီး မြဝတီရုပ်မြင်သံကြားသို့ သွားရောက်ကာ ရိုက်ကူး ထုတ်လွှင့်ပုံ အဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
လေ့လာရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်ရှိ ဥပ္ပါတသ္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ တပ်မတော်စစ်သမိုင်း ပြတိုက်၊ အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြပြီး ညဦးပိုင်းတွင် ရေပန်း ဥယျာဉ်၌ ရောက်ရှိနားနေအပန်းဖြေခဲ့ကြသည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး၏ ကြိုဆိုနှုတ်ဆက်တွေ့ဆုံခြင်း အခမ်းအနားအပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များသို့ သွားရောက်ကြည့်ရှုလေ့လာပြီးနောက် သတ္တသတ္တာဟစေတီတော်သို့ ဖူးမြော် ကြဦးမည်ဖြစ်သည်။ ဆက်လက်၍ စက်တင်ဘာလ ၂၈ ရက်နေ့တွင်မူ ရှမ်းပြည်နယ်သို့ ခရီးဆက်ကြမည်ဖြစ်ပြီး ကလော၊ အောင်ပန်းမြို့များသို့လည်းကောင်း၊ ထိုမှ အင်းလေးဒေသ ဖောင်တော်ဦးဘုရားနှင့် အလိုတော်ပေါက်ဘုရားများရှိရာသို့ လည်းကောင်း သွားရောက်ဖူးမြော် လေ့လာကြည့်ရှုကြပါဦးမည်။ စက်တင်ဘာလ ၂၉ ရက်နေ့၌လည်း တောင်ကြီးမြို့မှတစ်ဆင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ သွားရောက်ကာ ထမ်စန်းသဘာဝလိုဏ်ဂူ ဘုရားများ၊ ပင်းတယ ရွှေဥမင်ဘုရားများအား ဖူးမြော်ကြည်ညိုကြမည်။ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (ယခင် ဖွံ့ဖြိုးရေးသိပ္ပံ) ကျောင်းဆင်း ကျောင်းသားဟောင်းကြီးများက ကြိုဆိုနှုတ်ဆက်ကျွေးမွေးဧည့်ခံကြမည့် အစီအစဉ်များလည်းရှိကြောင်း သိရသည်။ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ကလောမြို့ ပတ်ဝန်းကျင်၌ လေ့လာကြည့်ရှုကြပြီးနောက် မိတ္ထီလာ မြို့သို့ ဆက်လက်ထွက်ခွာကာ ထိုမှတစ်ဆင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ပြန်လည်ဝင်ရောက်ကြမည်ဖြစ်သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ အေးမြသော အရိပ်အာဝါသအောက်တွင် လာရောက်ခိုလှုံပညာသင်ယူနေကြသော တိုင်းရင်းသား၊ တိုင်းရင်းသူ သွေးချင်းညီအစ်ကိုမောင်နှမများသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီး ချစ်ကြည်စွာနေထိုင်ကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်ခိုင်မာလျက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်စေရန် ရည်မှန်းချက်များ ချမှတ် အကောင်အထည်ဖော်လျက်ရှိပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ လာရောက်သင်တန်းတက် နေသော သင်တန်းသူ နန်းမေစန်းက သင်တန်းသား၊ သင်တန်းသူလေးများ အားလုံး၏ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် နိုင်ငံတော်ကမိမိတို့ အားလုံးအပေါ် ရည်မှန်းချက်ကြီးမားစွာထား၍ ပညာရေးဝန်ထမ်းကောင်းများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပြုစုပျိုးထောင်ပေးသဖြင့် ဖွံံ့ဖြိုးရေးဘာသာနှင့် အထူးဖွံ့ဖြိုးရေးဘာသာရပ်များကို လက်တွေ့ကျကျ သင်ယူတတ်မြောက်ခဲ့ပါကြောင်း၊ မကြာမီ သင်တန်းပြီးဆုံး၍ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်း ဆောင်ရချိန်တွင် အမိတက္ကသိုလ်က သင်ကြားပေးလိုက်သော ပညာရပ်များဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများကိုလည်း မွေးထုတ်နိုင်အောင် ကြိုးပမ်းရွက်ဆောင်သွားမည် ဖြစ်ပါကြောင်း ကတိပြုပြောကြားသွားခဲ့ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၄ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုသင်တန်းကျောင်း ခုနစ်ကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၃ ကျောင်း ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနေပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။