ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် တို့သည် ရှေးနှစ်ပေါင်း ထောင်ချီသောကာလကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြပါသည်။တောင်တန်း၊ပြည်မဒေသမတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပထဝီအနေအထားနှင့် သမိုင်းကြောင်း ယဉ်ကျေးမှုကြီးမားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိ နေသော်လည်း ယနေ့အထိခိုင်မာသော မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့မြန်မာ့ ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံ ခြင်းမှ ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှု ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ပညာရပ်များ လေ့လာသင်ကြားရာတွင်လည်း “ မတူညီသောအရာများ ပေါင်းစပ်မှု ” သီအိုရီအရဘာသာရပ်များကိုပေါင်းစပ်လေ့လာရာမှပိုမိုကျယ်ဝန်းသောစွမ်းရည်များပေါ်ထွက် လာသည်ကို တွေ့ရှိရပါသည်။ ယခုခေတ် လေ့လာသင်ယူနေသော သိပ္ပံပညာရပ်များ၊ ဝိဇ္ဇာ ပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြားဂုဏ်ထူးဝိသေသများ ရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလိုပေါင်းစပ်လိုက်သောအခါတွင် ပိုမိုကျယ်ဝန်းသော စွမ်းရည် များထွက်ပေါ်လာပေသည်။ သိပ္ပံပညာရပ် အချင်းချင်း၊ ဝိဇ္ဇာပညာရပ် အချင်းချင်း ဆက်နွှယ် ပေါင်းစပ်လေ့လာနိုင်သလို သိပ္ပံပညာရပ်နှင့် ဝိဇ္ဇာပညာရပ်များကိုလည်း လိုအပ်ပါက ပေါင်းစပ် လေ့လာရပေသည်။ သိပ္ပံပညာရပ်များဖြစ်သော ဇီဝဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Biochemistry ဟူသော ဘာသာရပ် ဖြစ်ပေါ်လာပြီး ရူပဗေဒ နှင့် ဓာတုဗေဒ ပေါင်းစပ်သော အခါ Nuclear chemistry ဟူသော ဘာသာရပ်အသစ်များ ပေါ်ပေါက်လာပေသည်။
ထို့အတူ နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်)လူမျိုးတစ်မျိူး၏ Socioeconomy(လူမှုစီးပွားဘဝ)ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များဖြစ်သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့် ဘာသာရပ်များ ပေါင်းစပ်လေ့လာရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာ ကျမှုကိုသိရှိရန် သမိုင်း နှင့် ပထဝီကိုပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေး ရှုထောင့်မှ လေ့လာရပေမည်။ ထို့အပြင် သမိုင်းဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များ ကိုလည်း လိုအပ်ပါက ယှဉ်တွဲလေ့လာသင့်ပေသည်။ ဥပမာအားဖြင့် - ဒသမတန်းတွင် သင်ကြားသည့် ကဗျာတစ်ပုဒ်ဖြစ်သော အချုပ်တန်းဆရာဖေ ရေးသားသည့် "ဆောင်းရတုပွဲ" ကဗျာကို လေ့လာလျှင် မြန်မာစာ အရေးအသားရှုထောင့်မှ လေ့လာရုံသာမက ထိုကဗျာ ပေါ်ထွန်းလာသော ခေတ်အခြေအနေကို သမိုင်းရှုထောင့်ကပါ ပေါင်းစပ်လေ့လာပါက စာဖတ်သူအတွက် ပိုမိုပြည့်စုံသော အသိအမြင်နှင့် ခံစားချက်များကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ်လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မတူညီသောအရာများကို ပေါင်းစပ်ရာမှ ပေါ်ထွက်လာသည့် စွမ်းအင်များကို နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများကို နယ်စပ်ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ တည်ထောင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထိုဒီဂရီကောလိပ်များ တက်ရောက်ရန် အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လူငယ်များအား သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ (AGTI) အတွက် သင်ကြားပို့ချလျက် ရှိပါသည်။
ဝိဇ္ဇာဘွဲ့အတွက် သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေးပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ အင်္ဂလိပ်စာ၊ စိတ်ပညာတို့ဖြစ်ပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုစွမ်းအား ဘာသာရပ်များ ဖြစ်ကြသည်။ ကျောင်းသား၊ ကျောင်းသူ အားလုံးအနေဖြင့် ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ယူကြရပါသည်။ ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာစာပေ ဘာသာရပ်ပေါင်းစုံ၏ အခြေခံ သဘောတရားများကို ခြုံငုံလေ့လာနိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့်စွာတွေးခေါ်နိုင်သကဲ့သို့ လက်တွေ့ နယ်ပယ်၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လက်တွေ့ကျကျ ထိရောက်စွာ ဆောင်ရွက် နိုင်ပေမည်။ ဤဒီဂရီကောလိပ်တို့မှ အရည်အချင်းမှီသူများသည် ဘွဲ့လွန် သင်တန်းများကို သက်ဆိုင်ရာတက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်ပြီး မဟာဘွဲ့၊ မဟာ သုတေသနဘွဲ့၊ ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်ပါသည်။ ထို့အပြင် အင်ဂျင်နီယာ ဒီပလိုမာရရှိပြီးသောသူများ အနက်မှ ထူးချွန်ထက်မြက်သောသူများကို ဆက်လက်ပညာ ဆည်းပူးခွင့်ရအောင် စီစဉ်ပေး သဖြင့် အင်ဂျင်နီယာဘွဲ့ (B.E) နှင့် မဟာအင်ဂျင်နီယာဘွဲ့ (M.E) များရရှိသည်အထိ ဆက်လက် ကြိုးစားခွင့်ရှိပါသည်။
ဤဒီဂရီကောလိပ်များတွင် မြန်မာနိုင်ငံ၏ ဒေသပေါင်းစုံမှ တိုင်းရင်းသားများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းဆုံ၍ ပညာသင်ယူလျက်ရှိသည်။ ထိုတိုင်းရင်းသားလူငယ်များသည် မိမိ တို့၏ ကျောင်းစာများသာမက တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်) က ကြီးမှူး ကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ စာမေးပွဲများ၊ ကျောင်းတွင်းအားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်ဆုများ ရရှိခဲ့ကြပါသည်။
ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာနကို ဖွင့်လှစ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ်များကို ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်ကြားပို့ချလျက်ရှိပါသည်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးပါသည်။ ထိုသို့သင်ကြားရသည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ခိုင်မာလာပြီး တိုင်းရင်းသားအချင်းချင်း နားလည်မှုရရှိကာ စည်းလုံးညီညွတ်မှု ခိုင်မြဲစေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲ လာသော အခြေအနေများနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် ဝန်းရံထိုးဖောက် လာသော Cultural Globalization များကို ဘေးတွင်အကာ အဖြစ်သာထားပြီး မျိုးချစ် ပြည်ချစ် စိတ်နှင့် ညီညွတ်မှုရှိသော ပြည်ထောင်စုစိတ်ဓာတ် (Union Spirit) ကို အနှစ်အဖြစ် ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ခံအင်အားကို တည်ဆောက်ရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ခေတ်မီရင်ဘောင်တန်းနိုင်ရန် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်သည့် ပြည်ထောင်စု စိတ်ဓာတ် (Union Spirit) သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ကျည်စွာမွေးမြူရန် အထူးလိုအပ်ပါသည်။ သို့မှသာ ပတ်ဝန်းကျင် က ရိုက်ခတ်လာသော ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာ ယဉ်ကျေးမှု များကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်နိုင်ပေမည်။
ဤဒီဂရီကောလိပ်များမှ ကျောင်းဆင်းသော ပညာတတ်လူငယ်များသည် ဒို့တာဝန် အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ခိုင်မာ၍ ပြည်ထောင်စု ဖြိုခွဲမည့် ရန်သူများအား ကာကွယ်ဖယ်ရှား စောင့်ရှောက်လိုစိတ် ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက် အောင် ထိန်းသိမ်းလိုစိတ် ရှိခြင်း၊ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများပမာ ဥမကွဲသိုက်မပျက် စည်းလုံး ညီညွတ်စွာ နေထိုင်လိုခြင်း၊ အနာဂါတ်တွင် တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်ဦးနှင့် တစ်ဦးနားလည်ပြီး အေးအတူပူအမျှ အေးချမ်းသာယာသော လူ့ဘောင်လောက ဖော်ဆောင် လိုခြင်းစသော လောကပါလတရားများပြည့်ဝသည့် လူကောင်းလူတော်၊ နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများဖြစ်သည်။
ဤဒီဂရီကောလိပ်များမှသင်ကြားသော ပညာရပ်များနှင့် လေ့ကျင့်ပျိုးထောင်ပေးသော လက်တွေ့သင်ခန်းစာများကြောင့် ကျောင်းတော်သားများသည် ဘာသာရပ်ပေါင်းစုံ၏ စုပေါင်းမှု စွမ်းအားကို ရရှိပေသည်။ ကျောင်းတော်သားများသည် ကျောင်းတော်ကြီးက သင်ကြား ပေးလိုက်သော ပညာရပ်အရောင်အသွေးများဖြင့် စုံလင်သောသက်တန့် ရောင်စဉ်များ လွှမ်းခြုံ နေသောသူများဖြစ်ကြောင်း တင်စားကာ ဆိုလိုက်ချင်ပါသည်။ သက်တန့်ရောင်စဉ်များသည် ဤဒီဂရီကောလိပ်များမှ စတင်ပေါ်ထွက်လာပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံး၏ နယ်နိမိတ်အဆုံးတိုင် လွှမ်းခြုံသက်ရောက်သွားမည်ဖြစ်ပေသည်။ ပြည်ထောင်စု စိတ်ဓာတ် ခိုင်မာပြည့်ဝသော၊ ပညာရပ်အမြင် ကျယ်ပြန့်သော၊ လက်တွေ့ ဖော်ဆောင်နိုင်စွမ်း ရှိကာ တိုင်းရင်းသားလူငယ်များသည် ဘွဲ့ရ ပညာတတ်လူငယ်များအဖြစ်ဖြင့် နိုင်ငံတော်၏ အစွန်အဖျား ဒေသအသီးသီးတွင် နိုင်ငံတာဝန်ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ရာ သက်တန့်ရောင်စဉ်များ နိုင်ငံတစ်ဝန်းထွန်းလင်းဖြာလျက် ရှိနေပြီဖြစ်ပါတော့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား များအားလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက အစဉ်တစိုက် ရှေ့ရှုဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အသီးအပွင့်များအဖြစ် ပေါ်ထွန်းလာခဲ့သော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း) တို့သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား လူငယ်များအား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊ ခေါင်းဆောင် ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြ ပေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံး တူယှဉ်ကာ ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။ မြန်မာပြည်ဖွား တိုင်းရင်းသားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ်အား ဂုဏ်ပြု စပ်ဆို ဖော်ပြအပ်ပါသည်-
မြောက်ဖျားမြန်မာ
ကချင်ပြည်မှာ
မေခ မလိခပေါင်းဆုံကာ
တောလည်းတောင်သာ
ဖြတ်ကျော်တော့
ဧရာဝတီဖြစ်တည်ပေါ့။
ချင်းပြည်နယ်လည်းဖြတ်သန်းလာ
ဧရာချင်းတွင်းပေါင်းဆုံကာ
မေတ္တာရေတွေ တိုးကာပွား
တောင်ပေါ်မြေပြန့် ညီအစ်ကိုများ။
ရှမ်းပြည်နယ်မှ
ကိုရွှေလီ၊ ဧရာဝတီနဲ့
ပေါင်းဆုံသည်
မြန်ပြည်အလှတိုးကာပွား
တစ်အူထုံ့ဆင်းညီအစ်ကိုများ။
ရခိုင်ဒေသ ကစ္စပနဒီ
စီးဆင်းလာသည့် မြန်ရွှေပြည် ၊
ညီပုကလေးစစ်တောင်းလည်း
အားဖြည့်ကာပင် စီးဆင်းမြဲ။
ရွှေသံလွင်လည်း မနေသာ
ကရင်၊ ကယား ၊ မွန် မကျန် သယ်ဆောင်လာ
မြန်ပြည်အင်အားတိုးကာပွား
အေးအတူ ပူအမျှ ညီအစ်ကိုများ။
ဤသို့သာပင်
မြန်ပြည်တခွင်
မြစ်နဒီတို့ အလှဆင်
ကချင်လည်းချစ် ချင်းလည်းချစ်
ရခိုင် မွန် ကယား ရှမ်းပါချစ်။
တိုင်းရင်းသားတို့ မေတ္တာဝေ
တောင်တန်းမြေပြန့် မခွဲခြားပေ
ပေါင်းဆုံလာလို့ ချစ်ကြည်မဆုံး
မြန်ပြည်သားတို့ တစ်ပြုံးပြုံး
သွေးစည်းကြမည် တစ်သက်လုံး။ ။
(မြတ်နိုးမေ)
Dr. အေးအေးကြိုင် (ပါမောက္ခ)
သမိုင်းဌာန