နေပြည်တော်၊ ဒီဇင်ဘာ ၁၆
National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင် ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင် စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁) နှင့် ကွင်းအမှတ်(၃) တို့၌ ကျင်းပခဲ့သည်။
ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက် ၇ နာရီခွဲတွင် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အဆိုပါ(အမျိုးသမီး) ဘောလုံးပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ပထမအဆင့် အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၃) ၌ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေး နိုင်ကြောင်း သိရသည်။