နေပြည်တော် အောက်တိုဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ Under Secretary-General ဖြစ်သူ Mr.Jeffrey Feltman သည် ယနေ့နံနက်(၁၁)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လာရောက် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးနေမှုများ၊ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက် လူ့အဖွဲ့အစည်းများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့၏ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများပါဝင်ပြီး ကူညီထောက်ပံ့မှု လုပ်ငန်း များအား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်း နှစ်ခု ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။