နေပြည်တော်၊ ဧပြီ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မန်ဝယ်ဒေသမှ နယ်မြေလုံခြုံရေး အခြေအနေအရ ခေတ္တတိမ်းရှောင်မိသားစုများသည် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်၍ ၎င်းတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။
ယင်းအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်စိုးတက်ရောက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက မန်ဝယ်ကျေးရွာအတွက် ထောက်ပံ့လှူဒါန်းသော ငွေကျပ် (၉,၄၅၀,၀၀ဝိ) တန်ဖိုးရှိ ဆိုလာမီး (၃၅) စုံ၊ ပြန်လည်ရောက်ရှိလာသည့် မိသားစုဝင် (၁၆၂) ဦးအတွက် ငွေကျပ် (၃,၄၅၀,၅၇ဝိ) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ (၁) လစာ၊ စောင် (၁၆၂) ထည်၊ ခြင်ထောင် (၈၁) လုံး တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အင်းတော်ကြီး/မန်ဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ကြင်းကုန်း-ချောင်းဝလမ်းမှ မန်ဝယ်ကျေးရွာသို့ မြေလမ်း (၅) မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ပြီးစီးအောင်ဖောက်လုပ်၍ ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။