မယ်စဲ့ နိုဝင်ဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကောင်းမွန်စေရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ် ၊ မယ်စဲ့မြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၁၄ ဒဿမ ၉၃၂ သန်းဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် မြေလမ်းအား လမ်းအဆင့် မြင့်တင်ရန် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းကို လမ်းအရှည် (၃)မိုင်ထိ လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
၎င်းလမ်းသည် အရှည် (၁၀)မိုင် (၄)ဖာလုံရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် မြေလမ်း (၅) မိုင်ဖောက်လုပ်ခြင်း၊ (၃၀)ပေကွန်ကရစ် တံတား(၂)စင်းနှင့် Box Culvert (၉)စင်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၅)မိုင် (၄)ဖာလုံ ဖောက်လုပ်ခြင်း၊ ကွန်ကရစ်/ဘေလီတံတား(၆)စင်း၊ Box Culvert (၁၀) စင်းနှင့် (၃)ဖာလုံ ကျောက် တောင်မိုင်းခွဲခြင်း ဆောင်ရွက်ပြီးစီးခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဗြုန်းကျောက်လမ်း အဆင့်မြင့်တင်ခြင်းလုပ်ငန်း (၃)မိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုဂျစ်-တောင်လှကျေးရွာချင်းဆက်လမ်းသည် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၏ နယ်စွန်/နယ်ဖျားကျေးရွာဖြစ်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်နိမိတ်ထိစပ် သည့် BP-16 နယ်စပ်ပတ်လမ်းဖြစ်သောကြောင့် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ရာသီမရွေးသွားလာ နိုင်ပြီး အချိန်တိုအတွင်း မယ်စဲ့မြို့နယ်နှင့် ဖားဆောင်းမြို့နယ်များသို့ ဆက်သွယ်သွားလာနိုင်တော့ မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။