ဇွန်လ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနက် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သည့် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက မိမိတို့ဝန်ထမ်းများအနေဖြင့် အရည်အသွေးထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးအားထားပြုရသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ထို့နောက် သင်တန်းကျောင်းဧည့်ခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒရုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်ကြီးကြပ်ရေးမှူးက ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ယန္တရားကြီးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ ရောက်ရှိခဲ့ရာ အဆိုပါ ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူး များနှင့်တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ တည်ဆောက်ရေး၊ စိုက်ပျိုးမွေးမြူရေး အခြေအနေများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒီဂရီကောလိပ်အတွင်းရှိ တိုင်းရင်းသားရိုးရာပြခန်း၊ မိုးလုံလေလုံအားကစားရုံ၊ ၄ ထပ်အင်ဂျီနီယာ အလုပ်ရုံ၊ ၃ ထပ် ကျောင်းသူအိပ်ဆောင် တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။