နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နယ်စပ်ဒေသ တိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့၀င်များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော်၊ ဇန်နဝါရီ  ၁၀
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် နယ်စပ်ဒေသတိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့များဖြစ်ကြသော ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်နှင့် ပူတာအိုမြို့နယ်တို့မှ ဂျိမ်းဖောနှင့် ရ၀မ်တိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်နှင့် ရှင်းလက်၀ဒေသတို့မှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ "၀"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်မှ ရှမ်း၊ "၀" နှင့် လားဟူတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်တို့မှ ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ စုစုပေါင်း (၁၀၀) ဦးတို့အား ယနေ့ညနေ့ပိုင်းတွင် ပြည်ထောင်စု၀န်ကြီးရုံး၊ စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
    ယင်းအခမ်းအနားသို့ နယ်စပ်ရေးရာ၀န်ကြီး၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးရဲနိုင်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။
    အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဂုဏ်ပြု နှုတ်ဆက်စကားပြောကြားရာတွင် နယ်စပ်ရေးရာ၀န်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားလေ့လာရေး အဖွဲ့၀င်များအား နှစ်စဉ်ခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးရသည့် အဓိကရည်ရွယ်ချက်မှာ အမိနိုင်ငံတော်ကြီးအတွင်း တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှစ်မများပမာ၊  ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြသည့် “မြန်မာ”တည်းဟူသော တိုင်းရင်းသားများ ဖြစ်ကြသည့်အတွက် မြန်မာစိတ်ဓာတ်ကို အခြေခံ၍ ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ထဲက ပထမဆုံးဦးတည်ချက်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်း ထိန်းသိမ်းကာကွယ်ရေးဆိုတဲ့ ဦးတည်ချက်ကို အထူးအလေးထား လိုက်နာကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုတွေဟာ တိုင်းရင်းသား လူမျိုးစုများရဲ့ စည်းလုံးညီညွတ်မှုအပေါ် များစွာတည်မှီနေပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲတွေ လွန်ကဲပြီး အစွန်းရောက်အတွေးအခေါ်တွေကို ရှေ့တန်းတင်လာကြမယ် ဆိုရင် နိုင်ငံတော်ရဲ့ အင်အားချိနဲ့လာခြင်းနှင့်အတူ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးကအစ လူမှုရေး အခြေအနေ အဆင့်အတန်းအားလုံး နိမ့်ပါးကျဆင်းသွားမယ်ဆိုတာကို သတိပြုကြဖို့လိုကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟာ အမျိုးသားနိုင်ငံရေးရဲ့ အဓိကအချက်ဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ဝေးလံခေါင်သီပြီး ဆက်သွယ်သွားလာဖို့ ခက်ခဲတဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးတွေရဲ့ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် နှစ် (၃၀) နှစ်ရှည်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ချက်၊ လုပ်ငန်းစဉ် (၁၈) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများကိုလည်း နိုင်ငံတော်ရဲ့ဘဏ္ဍာငွေအရ တတ်စွမ်းသရွေ့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုတစ်ဝှန်းလုံး ပြည်နယ်၊ ပြည်မ၊ တောင်တန်းဒေသများပါမကျန် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေပါကြောင်း၊
    သည်ကနေ့ နိုင်ငံတော်အစိုးရက အထူးအလေးအနက်ထားပြီး ကြိုးပမ်းဆောင်ရွက်နေသော လုပ်ငန်းစဉ်တစ်ခုမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များအပေါ် အခြေခံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင် ဆက်လက်ဖော်ဆောင်ပေးနေခြင်းပဲဖြစ်ကြောင်း၊ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို နှစ်ကြိမ်ကျင်းပနိုင်ခဲ့ပြီး တတိယအကြိမ်မြောက်ညီလာခံကို မကြာမီကျင်းပတော့မှာဖြစ်ကြောင်း၊ ၄င်းညီလာခံကြီး အောင်မြင်စေရန် နိုင်ငံသားအားလုံးက ဝိုင်း၀န်း ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊
    ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နောင်တစ်ချိန်မှာ မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသရဲ့ ကြီးလေးတဲ့တာဝန်များကို ပခုံပြောင်းထမ်းဆောင်ကြမည့်သူများ ဖြစ်တဲ့အတွက် နိုင်ငံတာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ သားကောင်း သမီးမွန်များ ဖြစ်လာအောင်၊ ကဏ္ဍအားလုံးမှာ ထူးချွန်ထက်မြက်သူများဖြစ်လာအောင် စဉ်ဆက်မပြတ် ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်းမှာကြားသည်။
    ဆက်လက်၍ တိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့၀င်များကိုယ်စား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ ကချင်တိုင်းရင်းသူ မဒါရှီပန်စင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
    ယင်းနောက် တိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့၀င်များက ၄င်းတို့၏ ရိုးရာအကများ ဖြင့် ကပြဖျော်ဖြေကြပြီး ပြည်ထောင်စု၀န်ကြီးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၄င်းနောက် ညစာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph