နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား၊ သမီးများ၊ အောင်ချက်အကောင်းဆုံး သင်တန်းကျောင်းများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ်လ ၂၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား၊ သမီးများ၊ အောင်ချက်အကောင်းဆုံး သင်တန်းကျောင်းများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက် ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုဝင် သားသမီးများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးဆုရရှိသည့် ကျောင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ “ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း” သည် မင်္ဂလာတစ်ပါး ဖြစ်ပါကြောင်း၊ ယခုလို ဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ အနာဂတ် တောက်ပနိုင်စေရန်အတွက် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြိုးစားသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ယနေ့မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်သည့် အားလျော်စွာ ကမ္ဘာ့နိုင်ငံအသီးသီး၌ လူ့စွမ်းအားအရင်းအမြစ် ကြွယ်ဝစေရေးအတွက် ပညာရေးကဏ္ဍကို အထူးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိူးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ၄ ရပ်တွင် တတိယအချက်အနေဖြင့် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ပေးရေး” ဆိုပြီး ဦးတည်ချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်း ပြည့်ဝသော ပညာတတ်များပေါ်ထွန်းလာစေရန် လိုအပ်သောကူညီထောက်ပံ့မှုများအား နှစ်စဉ်အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆင့်အတန်း မြင့်မားသည့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသင်ယူပြီး နိုင်ငံတော် အကျိုး၊ ပြည်သူအကျိုးကို သယ်ပိုးနိုင်သော ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေရေး ကြိုးစားအားထုတ်သွားကြရန်နှင့် မိဘများအနေဖြင့်လည်း သားသမီးများ၏ ပညာရည် မြင့်မားရေးကို အလေးထား ပြုစုပျိုးထောင်ပေးသွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃ ကျောင်းတို့အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ ၂ ဦးတို့အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦးနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ ၂ ဦးတို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီးက ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦးနှင့် လူရည်ချွန်ဆုရရှိသူ ၁ ဦးတို့အား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် က ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦးတို့အား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်၏ ဇနီးက ၂ ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂ ဦးတို့အား လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများက ၁ ဘာသာဂုဏ်ထူးရှင် ၁၂ ဦးတို့အား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ၆ ဘာသာ ဂုဏ်ထူးရှင် မအင်ကြင်းခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
    အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ဌာနအကြီးအကဲများနှင့် ဇနီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ကြီးများ၊ မိဘများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ၆ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၄၈ ဦးတို့အား လည်းကောင်း၊ လူရည်ချွန်ဆုရရှိသူ ၇ ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၉၅ ရာခိုင်နှုန်းဖြင့် ပထမဆုရ ကလေး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၇၉ ရာခိုင်နှုန်းဖြင့် ဒုတိယဆုရ ပင်လောင်း လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၆၅ ရာခိုင်နှုန်းဖြင့် တတိယဆုရ ပခုက္ကူ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့အား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload