နေပြည်တော်၊ ဇူလိုင်လ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေ ရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများအား နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်နှင့် မန်ကျည်းပင် စုစုပေါင်း ၃၀၀ ပင် တို့ကို စုပေါင်း ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ယခုနှစ်၏ ပထမအကြိမ် နှင့် ယခင်နှစ်များက စိုက်ပျိုးထားရှိသည့် ရတနာ တန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုနှင့် ပြန်လည်အစားထိုး စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်း များတွင်လည်း ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်နက် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရ လေကာပင်များနှင့် သီးပင်စားပင်များကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံး အနေဖြင့် ယနေ့ စိုက်ပျိုးခဲ့သည့် သစ်ပင် ပေါင်း ၉,၉၅၂ ပင်နှင့် ပထမအကြိမ်စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း ၁၂,၇၀၀ ပင် အပါအဝင် စုစုပေါင်း ၂၂,၆၅၂ ပင်တို့ကို စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
video-upload