နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊  ဇူလိုင်လ  ၁၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း၌ ကျင်းပသည်။
    အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ စုစုပေါင်း ၂၈၀ ပင်ကို စုပေါင်းပါဝင် စိုက်ပျိုးခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများနှင့် ပထမအကြိမ်စိုက်ပျိုးထားရှိသည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းရေးအတွက် ပြုစုပျိုးထောင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
    အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန  ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ၂၀၂၅ ခုနှစ်၊  ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို  တစ်ပြိုင်နက် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရ လေကာပင် များနှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံး အနေဖြင့် ယနေ့ စိုက်ပျိုးခဲ့သည့်  သစ်ပင်ပေါင်း ၇,၀၇၁ ပင်နှင့် ပထမအကြိမ်စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း ၈,၆၂၁ ပင် အပါအဝင် စုစုပေါင်း ၁၅,၆၉၂ ပင်တို့ကို  စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။   
 

video-upload