နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၂၉-၁-၂၀၁၇)ရက်နေ့မှ (၂-၂-၂၀၁၇) ရက်နေ့အထိ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် (၂၉-၁-၂၀၁၇) ရက်နေ့တွင် ပူတာအိုမြို့သို့ ရောက်ရှိကာ ပူတာအိုခရိုင်ရုံးနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကာ ပူတာအိုခရိုင်ရုံးမှ ဝန်ထမ်းများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
(၃၀-၁-၂၀၁၇) ရက်နေ့နှင့် (၃၁-၁-၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် ပူတာအိုမြို့နယ်၊ မဂွေဇ-ငါ့လုံဒမ်း မြေသားလမ်း (၂၅/၄) မိုင် ဖောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် နောင်မွန်းမြို့သို့ ရောက်ရှိကာ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(၁-၂-၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် ပူတာအိုမှ မြစ်ကြီးနားမြို့သို့ ရောက်ရှိကာ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။
(၂-၂-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် ဝိုင်းမော် မြို့နယ်တွင် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာရရှိမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဝိုင်းမော်မြို့နယ်တွင် ရွှေတိဂုံစေတီတော် တည်ထားသည့် ရွှေမိုးတောင်ရင်ပြင်တွင် ဂါလံ (၅၀၀၀၀) ဆံ့ ရေလှောင်ကန် တည်ဆောက်မှုအခြေအနေအားလည်းကောင်း၊ ထွယ်ဆန်ယန်တံတားမှ ထွယ်ဆန်ယန်ရွာလမ်း (၁/၂) မိုင် ကျောက်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။