နယ်စပ်ရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းဆင်းပွဲကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယနေ့နံနက် (၁၀:ဝဝ)နာရီတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ အရာထမ်း၊အမှုထမ်းများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းဆင်းပွဲ သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
     ဒုတိယဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက် ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်မှန်းချက်(၂)ရပ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပြီး ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်းများစွမ်းဆောင်ရည်မြင့်မားရေးအတွက် နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းတို့သည် နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ (MoU) ချုပ်ဆိုပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများအား ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်းဖွင့်လှစ်၍ ဂျပန်နိုင်ငံသို့လေ့လာရေး သင်တန်းစေလွှတ် လျက်ရှိပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်(Knowledge Age) ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာအဆင့်နှင့်အညီ အင်္ဂလိပ်ဘာသာစကားကို ပြောဆိုရေးသား အသုံးပြုနေသည်ကို  တွေ့ရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါတွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များထံမှ နည်းပညာများ၊ အထောက်အပံ့များ ရယူဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ၌ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ(Workshop)၊ လေ့လာရေးခရီးစဉ်များ၊သင်တန်းများ၊ ပညာတော်သင်သင်တန်းများ၊ မိမိလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည့် နယ်ပယ်/ ပညာရပ်များကို လေ့လာရာ၌လည်း ကမ္ဘာသုံးဘာသာဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ပြောဆို၊ ဆွေးနွေး၊ ဆက်ဆံ၊ သင်ကြားရမည် ဖြစ်ပါသဖြင့် အင်္ဂလိပ်စာကို ဝန်ထမ်းတိုင်း မဖြစ်မနေတတ်ကျွမ်း ရန်လိုအပ်ပါကြောင်း၊ဝန်ထမ်းများအနေဖြင့် မိမိဌာနဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဆင့် နှင့်အညီ တွေးခေါ်၊စဉ်းစား ရင်ဘောင်တန်းဆောင်ရွက်ရန် အတွက် ICE ဆိုသည့် Interent, Computer, English တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် တတ်ကျွမ်းထားဖို့ လိုအပ်ပါကြောင်း၊  နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာဘာသာ စကားကျွမ်းကျင်စွာ တတ်မြောက်ရေးသည် အဓိကလိုအပ်လာပါကြောင်း၊ ဝန်ထမ်းအားလုံး အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရေး၊ ဖတ်၊ ပြောဆိုနိုင်အောင် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ Self-motivation လုပ်ဖို့လည်း လိုအပ်သလို အတွေးအခေါ်၊အသိအမြင်၊ ဗဟုသုတကြွယ်ဝရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်တိုင် လေ့လာ မှတ်သားခြင်း၊သင်တန်းများတက်ရောက်ခြင်း၊စာပေဟောပြောပွဲများ၊ဆွေးနွေးပွဲများတွင် ကိုယ်တိုင် တက်ရောက် ပါဝင်ဆင်နွှဲနိုင်လျှင် ပိုမိုအကျိုးရှိပါကြောင်း၊ ဝန်ထမ်းများသည် ဝန်ကြီးဌာနက ဖွင့်လှစ်သည့် သင်တန်းအပြင် ပြင်ပအင်္ဂလိပ်စာသင်တန်းများကိုလည်း တက်ရောက်လေ့ကျင့်ပြီး အချိန်ကို အကျိုးရှိစွာအသုံးချကြရန် မှာကြားလိုကြောင်း ပြောကြားပါသည်။
     ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က သင်တန်းနည်းပြများ ဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်/စစ်ကိုင်းတို့မှ ပါမောက္ခ (၃)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။ ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ် များပေးအပ်ပါသည်။
    အဆိုပါသင်တန်းကို (၃၁-၇-၂၀၁၇) ရက်နေ့မှ (၂၉-၉-၂၀၁၇) ရက်နေ့ထိ ရက်သတ္တ (၉)ပတ်ကြာ သင်ကြားဖွင့်လှစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်း(၂၄)ဦးတက်ရောက်ခဲ့ပါသည်။

 

Post Paragraph