နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး

ဇူလိုင်လ  ၂၆  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သာသနိက အဆောက်အဦများဖြစ်သည့် မြောက်ဘက် ကိုးနဝင်းဓာတုဧစေတီ၊ ရန်ပြေမာန်ပြေဘုရားကြီး၊ အရှေ့ဘက်ကိုးနဝင်းဓာတုဧစေတီ၊ ဗဟိုကိုးနဝင်း ဓာတုဧစေတီ၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၊ ရှင်ကလေးစေတီ၊ မဟာဇေယျသိဒ္ဓိ စေတီဘုရားများသိမ်၊ ရန်အောင်မြင်ဓာတုကိုးနဝင်းစေတီ၊ လက်ဝဲသလုံးတော်စေတီများသို့ သွားရောက် ၍ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူပြုပြင်ရမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးကာ ဗဟိုကိုးနဝင်း ဓာတုဧစေတီ၊ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီး၊ လက်ဝဲသလုံးတော်စေတီများသို့ အလှူငွေများ လှူဒါန်း ခဲ့ပါသည်။
    ဆက်လက်၍ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေ ဆိပ်ကမ်းတွင် သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသည့် မိုခါသဘာဝဘေး ပြန်လည်ထူထောင်ရေးအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပစ္စည်းများရောက်ရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။