နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ  ၇  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်က တက္ကသိုလ်၏ အုပ်ချုပ်‌ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာအချက်အလက်များနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုဆိုင်ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် ပညာသင်ကြားပြီး ကျောင်းပိတ်ရက် ကာလအတွင်း အကျိုးရှိပြီး အထွေထွေဗဟုသုတများ တိုးပွား၍ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်  အိမ်တွင်းမှုစက်ချုပ် သင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ စက်မှုလက်မှုသင်တန်း၊ ပန်းချီသင်တန်း သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ တက္ကသိုလ်စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်လေ့လာ ဖတ်ရှုမှု မှတ်တမ်းများနှင့် စာအုပ်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ချယ်ရီဆောင်စားရိပ်သာတွင် နေ့လယ်စာကို ကျောင်းသူများနှင့်အတူ လက်ရည်တပြင်တည်း အတူတကွ သုံးဆောင်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကျောင်းသားကျောင်းသူများ ကွန်ပျူတာသင်ကြားနေမှု၊ Language Lab တွင် အင်္ဂလိပ်စာသင်ကြားနေမှု၊ အထွေထွေဗဟုသုတ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သက်သာချောင်ချိရေးအရောင်းဆိုင်၊ မွေးမြူရေး အစာစပ်စက်ရုံ၊ ဥစားကြက်၊ အသားစားကြက်၊ ဝက်မွေးမြူရေး၊ ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များအား လှည့်လည်ကြည်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post Paragraph
video-upload