သြဂုတ်လ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာ မြသုခကျေးရွာ အနီး မြန်မာပြည်အလယ်ဗဟိုချက် အနောက်ပြက္ခရွေတောင်ရှိ အနော်ရထာမင်းကြီး တည်ထားခဲ့သော ပဥ္စမစွယ်တော်ရှင် စေတီတော်အား ပြန်လည် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ဖူးမြော် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ဖူးမြော်ကြည့်ရှုစစ်ဆေးရာသို့ မိတ္ထီလာမြို့၊ နိုင်ငံတော်သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာဘာဝသ ရေလည်ဆရာတော်ဘုရားကြီးနှင့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တတိမလဗုဒ္ဓိတို့ လိုက်ပါ၍ သာသနာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအား ဆောင်ရွက်တော်မူခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော် ၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နေ့ဆွမ်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် မြစ်သားမြို့နယ်၊ မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ ပဥ္စမစွယ်တော်ရှင်စေတီတော်သို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ပြီးစီးမှု အခြေအနေများနှင့် ရာသီမရွေး သွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့၊ ဝေဘူလသာယာကုန်းကျောင်းတိုက်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတိဿကုမာရ ဆရာတော်ဘုရားကြီး ထံ သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့ကြောင်း သတင်းရရှိပါသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.