နေပြည်တော် ဇူလိုင်လ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က ကံ့ကော်ပင်ကို စိုက်ပျိုးပေးခဲ့ပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုး နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး တက်ရောက် စိုက်ပျိုးခဲ့ကြသည်။ ယနေ့ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင်၊ ကံ့ကော်ပင်၊ ပျဉ်းကတိုးပင် နှင့် မဟော်ဂနီပင် စုစုပေါင်း (၂၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် နေ့လည်ပိုင်းတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီးများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် ပညာသင်ကြားဆဲ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားခဲ့ ပါသည်။
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ရေးဆွဲရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လာ ပါကြောင်း၊ ပညာခေတ် (Knowledge Age) ကူးပြောင်းရောက်ရှိလာပြီ ဖြစ်တဲ့အတွက် နိုင်ငံသားအားလုံး အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံတကာနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်မည့် ခေတ်မီနိုင်ငံဖြစ်လာမည် ဖြစ်ကြောင်း၊ မိမိနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ် လူတော်လူကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်လျက် ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့် ကျေးလက်ဒေသနေ တိုင်းရင်းသား လူငယ်များ၏ ပညာရေး အခြေခံကောင်းများ ပြည့်စုံစေရေးအတွက် တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးသကဲ့သို့ ဝန်ထမ်းသား/သမီးများကိုလည်း ထူးချွန်ထက်မြတ်သော လူငယ်များအဖြစ် တိုးတက်ပေါ်ထွန်း လာစေရေးအတွက် အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၆-၂၁၀၇ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းနေ ဝန်ထမ်းသား/သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ဝန်ကြီးရုံးနှင့် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ခြောက်ဘာသာဂုဏ်ထူး ရရှိသူ (၂) ဦး တို့အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်ခိုင်မေကြူက ငါးဘာသာဂုဏ်ထူး ရရှိသူ (၂) ဦးနှင့် လေးဘာသာ ဂုဏ်ထူးရရှိသူ (၃) ဦးတို့အားလည်းကောင်း ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၏ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူတို့က ဂုဏ်ထူးရရှိသူများနှင့် လူရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆု နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများကိုယ်စား ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မစွမ်းရည်ထက်နှင်းမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများနှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများဝင်ရောက်ဖြေဆိုခဲ့ရာ (၆) ဘာသာဂုဏ်ထူးရှင် (၂) ဦး ၊ (၅) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၇၃) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၇၆) ဦး စုစုပေါင်း (၃၇၆) ဦး အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။