နေပြည်တော်၊ ဇန်နဝါရီလ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အိန္ဒိယသမ္မတနိုင်ငံ၏ ပဉ္စမအကြိမ် အထောက်အပံ့ရန်ပုံငွေဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထပ်တိုး ဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်း အနားအား နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တင်ဒါဗဟိုကော်မတီ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တင်ဒါဗဟိုကော်မတီ အဖွဲ့ဝင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုမှ တင်ဒါခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ Lot အလိုက် တင်ဒါ တင်သွင်းယှဉ်ပြိုင်ခဲ့ကြပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ကြေငြာ ပေးခဲ့သည်။