နိုဝင်ဘာလ ၃ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အလုပ်တာဝန် ပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား နယ်စပ်ဒေသ၌ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်ရေး အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၉၀၇ ဦး၊ သိပ္ပံဘွဲ့ ၁၇၉၄ ဦး၊ နည်းပညာ B.Tech ဘွဲ့ ၁၃၅ ဦး၊ A.G.T.I ဒီပလိုမာ ၁၁၇၁ ဦး၊ စုစုပေါင်း ၄၀၀၇ ဦး ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မဟာဝိဇ္ဇာဘွဲ့ ၄၄ ဦး၊ မဟာသိပ္ပံဘွဲ့ ၈၆ ဦး၊ မဟာသုတေသနဘွဲ့ ၃၅ ဦး၊ Ph.D ဘွဲ့ ၁၈ ဦး၊ B.Eဘွဲ့ ၂၆၉ ဦး၊ M.Eဘွဲ့ ၂၀ ဦး၊ B.Tech ဘွဲ့ ၉၅ ဦး အသီးသီး အောင်မြင်မှု ရရှိခဲ့သည့်အပြင် ဘာသာရပ်အလိုက် ဆက်လက်ကြိုးစားသင်ယူဆဲ ကျောင်းသား၊ကျောင်းသူများလည်း ရှိနေကြောင်း သိရှိရသည့်အတွက် အားရဂုဏ်ယူဖွယ် ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အတုယူ ကြိုးစားအားထုတ်သွားရန် မှာကြားလိုကြောင်း။
သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာခေတ်ကြီးမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် အတွက် အသိပညာ၊ အတတ်ပညာများကို အဆင့်မြင့်မြင့်တတ်မြောက်အောင် ဆက်လက်ကြိုးစားလေ့လာသွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့ လေ့လာတက်မြောက်ထားသည့် ပညာရပ်များကို တိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ မိမိတို့ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရမည့် အခြေအနေများနှင့် ပေါင်းစပ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အမှားအနည်းဆုံးဖြင့် အောင်မြင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံစေရေးစသည့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်သွားကြရန် ၊ ပြည်ထောင်စုတစ်ခုလုံး ဘက်ပေါင်းစုံဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်တည့်တံ့ခိုင်မြဲစေနိုင်မှာဖြစ်သည့်အတွက် တာဝန်ကျရာ ဒေသများ၌ ဒေသခံတိုင်းရင်းသား ပြည်သူများအား သိရှိနားလည်အောင်စည်းရုံးဆောင်ရွက်သွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံ၏ ရေမြေတောတောင်သဘာဝ ပထဝီဝင်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးထမ်းများ၊ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို သေသေချာချာ သိရှိနားလည်ပြီး မှန်ကန်သည့် လုပ်ရပ်များဖြင့် နိုင်ငံကိုအကျိုးပြုနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။
သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြသည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း ကျင့်ဝတ်စည်းကမ်းတန်ဖိုးများကို သိရှိလိုက်နာပြီး လုပ်ငန်းစွမ်းဆောင်ရည်အပြည့်ဖြင့် မြင့်မားသော စိတ်ဓာတ်၊ မှန်ကန်သောခံယူချက်၊ မြင့်မြတ်သောအကျင့်စာရိတ္တကောင်းများကို လက်ကိုင်ပြု၍ အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးစားထမ်းဆောင်သွားကြရန်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကြသည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ အစဉ်အလာကြီးမားသည့် အမိကျောင်းတော်ကြီး၏ ကောင်းမွန်ပြီးဖြစ်သည့် ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းကာ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ နှလုံးသွင်း၍ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးဆောင်လမ်းပြနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာသာဘာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသား ၁ ဦးနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူကျောင်းသူ ၁ ဦးတို့အားလည်းကောင်း၊ ဒုတိယဝန်ကြီးက A.G.T.I ဒီပလိုမာ ထူးချွန်ဆုရရှိသူ ၁ ဦးတို့အား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များက ကျောင်းသား၊ ကျောင်းသူ ၂၆၇ ဦးတို့အား အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကားပြောကြားခဲ့ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ထို့နောက် ဒီဂရီကောလိပ်အတွင်း အခြေခံစစ်ပညာသင်တန်းလေ့ကျင့်သင်ကြားနေမှု၊ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ၃ ထပ်ကျောင်းသူ အိပ်ဆောင်၊ THEATRE ခန်းမ၌ ကျောင်းပိတ်ရက် လေ့ကျင့်ရေးကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ အထွေထွေဗဟုသုတ ယှဉ်ပြိုင်နေမှုနှင့် ဒီဂရီကောလိပ် စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စားရိပ်သာ၌ ကျောင်းသားများနှင့်အတူ နေ့လယ်စာအား အတူတကွသုံးဆောင်ခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက ဂုဏ်ပြဆုငွေအားလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။