ထားဝယ်၊ အောက်တိုဘာ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် ဂဟေသင်တန်းအမှတ်စဉ် (၁၄/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ စက်မှုလက်မှုပညာ သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ ၄ ရပ်ကို ချမှတ်ပြီး နှစ်ရှည်၊ နှစ်လတ်စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ မြိတ်နှင့် ကော့သောင်းမြို့တို့၌ အမျိုးသမီး အိမ်တွင်းမှုကျောင်း နှစ်ကျောင်းနှင့် ထားဝယ်မြို့၌ စက်မှုလက်မှုပညာသင်တန်းကျောင်း တစ်ကျောင်းတို့ကို ဖွင့်လှစ်ပြီး လူငယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့် စာတွေ့၊ လက်တွေ့ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအသုံးပြုမည့် လက်တွေ့သုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
သင်တန်းတွင် ဆောက်လုပ်ရေးပညာရပ်ဖြစ်သည့် လက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ ပိုက်ပြင်/ပိုက်ဆက်ပညာရပ်များ၊ လျှပ်စစ်ပညာရပ်တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် Air-con ပြုပြင်ခြင်းပညာရပ်များ၊ ဂဟေပညာရပ်တွင် လျှပ်စစ်ဂဟေ၊ ဓာတ်ငွေ့ဂဟေ ပညာရပ်များကို ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။