နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဇူလိုင်လ   ၁၆   ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၄  ရက်နေ့ မွန်းလွဲပိုင်းတွင် ပင်လောင်းမြို့နယ်၊ ပက္ကော်-ထီးရွေး-ထီးရယ် မြေသားလမ်း ၃ မိုင် ၃ ဖာလုံအား အမာခံ ဖြုန်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထို့နောက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ရှိသည်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ဆီဆိုင်မြို့နယ်အတွင်းရှိ နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ လျှပ်စစ်မီးမရရှိသေးသည့်  ကျေးရွာ ၆ ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို တက်‌ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်ရှိသည့် အိမ်သုံးဆိုလာမီးများ တပ်ဆင်ပေးရခြင်းမှာ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျေးရွာ ၆ ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံအား ကျေးရွာကိုယ်စားလှယ်များထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်း ကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံမှာကြားရာတွင် သင်ကြားပေးနေသော  စာပေအတတ်ပညာများကို အပတ်တကုတ် လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အမှန်နှင့်အမှား ကွဲပြားစွာ ဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ ဆရာ၊ ဆရာများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာပေပညာရပ်များအပြင် အတွေးအခေါ် အသိအမြင်အယူအဆကောင်းများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ လေ့ကျင့်သင်ကြားပျိုးထောင် သွားကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။ ယင်းနောက် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး   ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားခဲ့ကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လုံမြို့မှ လင်းခေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ ကမ္မဌာန်းကျောင်းအနီး၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ လင်းခေးမြို့နယ်၊ ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့ လမ်းမကြီး ၁၂ မိုင်အပေါ်၌ ၂၀ ပေ ကွန်ကရစ်တံတား ၁ စင်းနှင့် ၂၅ ပေ ကွန်ကရစ် တံတားတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး စေတနာထား ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ပြီး တံတားတည်ဆောက်နေမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။  ယင်းနောက် လင်းခေးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Post Paragraph
video-upload