နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဇူလိုင်လ  ၁၀  ရက် 
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၈ ရက်နေ့က  မအူပင်မြို့နှင့် ဘိုကလေးမြို့တို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာကျောင်းများမှ  ကျောင်းအုပ်များ၏  သင်တန်းကျောင်းဆိုင်ရာ  အချက်အလက်များ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည် လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် သင်ကြား ပေးနေသော  စာပေအတတ်ပညာများကို အပတ်တကုတ် လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာ များအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အသိပညာများလည်း ဖွံ့ဖြိုးတိုးတက်အောင်   အမှန်နှင့်အမှား ကွဲပြားစွာ ဝေဖန်ပိုင်းခြားနိုင်သော လူတော် လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးထားသည့်အပေါ် ကျေးဇူးသစ္စာစောင့်သိ နေထိုင်သွားကြရန်၊ နယ်မြေတည်ငြိမ် အေးချမ်းမှု ရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကျောင်းသင်ခန်းစာများကို အေးချမ်းစွာ လေ့လာသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များအပြင် အတွေးအခေါ် အသိအမြင်နှင့်အယူအဆကောင်းများ၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ရည်မှန်းချက် များနှင့်အညီ လေ့ကျင့်သင်ကြား ပျိုးထောင်သွားကြရန် မှာကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။
    ထို့နောက် ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ကျောင်းသန့်ရှင်း သာယာလှပရေးနှင့် ရာသီ သီးနှံစိုက်ပျိုးထားမှု အခြေအနေများအားကြည့်ရှု စစ်ဆေးခဲ့ပြီး မအူပင် လူငယ်သင်တန်းကျောင်း စားရိပ်သာ၌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာအား သုံးဆောင်ခဲ့ကြပါသည်။ 
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့ရှိ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် ဘိုကလေးမြို့အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အကူပြုစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံးအားကစားကွင်းများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံတိုးချဲ့ အဆင့်မြှင့်တင်နိုင်ရေး စုပေါင်းတန်းစီကွင်းနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်းကွင်းများ ပြုလုပ်ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့် ဖြည့်စွက်စာများ ကျွေးမွေးနိုင်ရေး အတွက် လှူဒါန်းငွေများ ပေးအပ်ခဲ့ပါသည်။
    အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြောင်းမြ မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လပွတ် ကုလား ကျေးရွာအုပ်စုအတွင်းရှိ သမိုင်းဝင် ရွှေဂူကြီး ဘုရားအဝင်လမ်း ၄ ဖာလုံ ဖောက်လုပ် ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ လပွတ်ကုလားကျေးရွာနှင့်(ဝဲဒေါင့်)ဒေါင့်ကြီးကျေးရွာ ချင်းဆက် လမ်းပေါ်ရှိ (ဝဲဒေါင့်) ဒေါင့်ကြီးတံတားအား ပြုပြင်တည်ဆောက်ရမည့် အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ပါသည်။ 
   ဆက်လက်၍ ဝဲဒေါင့်ကျေးရွာ  ဗုဒ္ဓသာသနာ့ဇောတိပါလဓမ္မာရုံ ကျောင်းတိုက်သို့ သွားရောက် ၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ပါသည်။ ယင်းနောက် မြောင်းမြမြို့နယ်၊ သိလ္လာချောင်းဖျားကျေးရွာသို့ ရောက်ရှိပြီး  ဂန္ဓာရုံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး  မြောင်းမြ - လပွတ္တာလမ်းမှ သိလ္လာချောင်းဖျားကျေးရွာသွား ၁ မိုင် ၄ ဖာလုံ မြေလမ်းအား လမ်းအဆင့်မြှင့်တင်နိုင်ရေး မြေပြင်ကြည့်ရှုစစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းခန်းမ၌ အိမ်တွင်းမှုနှင့် စက်မှုလက်မှု သင်တန်းကျောင်းအုပ်များက သင်တန်းကျောင်းများဆိုင်ရာ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် သင်တန်း ကျောင်း ၂ ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား အမှာစကား ပြောကြား၍ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးခဲ့ပါသည်။
    ဆက်လက်၍ သင်တန်းသူများ၏ လက်တွေ့ သင်ကြားနေမှု၊ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ အိ်ပဆောင်၊ စားရိပ်သာ၊ စတိုဆောင်နှင့် ကျောင်းဝင်းအတွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
   ယင်းနောက်    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း‌၊ ဆောက်လုပ်ရေး သင်တန်းများတွင် ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုနှင့် သင်တန်းသားများ၏ စားသောက်နေထိုင်မှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
   ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍  တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ အား တွေ့ဆုံအမှာ စကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်  အသက်မွေးဝမ်းကြောင်း ပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်  သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နို်ငအောင် ကြိုးစားအားထုတ် လေ့ကျင့် သင်ကြားသွားကြရန်၊ တတ်မြောက်ထားသည့် ဘာသာရပ်များကို စဉ်ဆက်မပြတ် အသုံးချ၍ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။  
   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ အဆင့်မြင့်စက်ချုပ် သင်တန်းများ လေ့ကျင့်သင်ကြားနေမှု၊ သင်တန်းသူများ၏ လက်ရာများ၊ သင်တန်း ကျောင်း၏ အပ်ချုပ်ဆိုင်၊ မော်တာဆောင်၊ စာကြည့်တိုက်၊ စားရိပ်သာ၊ အိပ်ဆောင်နှင့် ကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါ သည်။
   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ တောင်ယာကုန်း၊ ရွာသစ်ကုန်း၊ စမ်းကြီးကုန်းနှင့် ဖိုးရွှေမြကုန်း ကျေးရွာတို့မှ လယ်မြေ ၄၈ ဧကတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်အသုံးပြု၍ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
 

Post Paragraph
video-upload