နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူးလမ်းဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ မတ်လ ၅ ရက်
     မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွင်းရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ပူတာအိုမှ နောင်မွန်မြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် လမ်းကြောင်းပေါ်ရှိ မဂွေဇမှ ခေါင်လန်ဖူးမြို့သို့ ဆက်သွယ်သည့်လမ်း (၆၅/၄) မိုင် ဖောက်လုပ်ခြင်း စီမံကိန်းအား တပ်မတော်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည်  ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ညီညီဆွေနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၁) ရက်နေ့တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမှတစ်ဆင့် မဂွေဇသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ အနီးကပ် ကြီးကြပ်မှု၊ တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်း ဆောင်ရွက်နေမှု များအား အသေးစိတ် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လမ်း ဖောက်လုပ်ရေးဆောင်ရွက်နေသည့် တာဝန်ခံအင်ဂျင်နီယာအဖွဲ့နှင့် စစ်သည်များသို့ စားသောက် ဖွယ်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
     မဂွေဇ-ခေါင်လန်ဖူးလမ်းသည် (၆၅/၄) မိုင်အရှည်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆိုပါလမ်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ အပိုင်း (၁) အဖြစ် မဂွေဇမှ ငါ့လုံဒမ်းအထိ လမ်းမိုင်(၂၅/၄)မိုင်နှင့် ရေပြွန် (၇၅) ခုကို လည်းကောင်း၊ အပိုင်း (၂) အဖြစ် ငါ့လုံ ဒမ်းမှ ရီဒမ်းအထိ (၁၉/၀) မိုင်နှင့် တံတား/ရေပြွန်(၇၅) ခု ကိုလည်းကောင်း၊ အပိုင်း (၃) အဖြစ် ရီဒမ်း မှ ခေါင်လန်ဖူးအထိ (၂၁/၀) မိုင်နှင့် တံတားများ/ရေပြွန်များကို လည်းကောင်း အပိုင်း (၃) ပိုင်းခွဲပြီး အစိုးရ၊ တပ်မတော်၊ ပြည်သူလက်တွဲ၍ နယ်စပ် ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
   ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူးနှင့်အဖွဲ့သည် မတ်လ (၂) ရက်နေ့ နေ့လည်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အရှည် (၃၆၀) ပေ ရှိသည့် နမ့်ပလက်ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် များသို့လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
     အလားတူ မတ်လ (၃) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်မွန်မြို့သို့လည်းကောင်း၊ မတ်လ (၄) ရက်နေ့တွင် ဆွမ်ပရာဘွမ် မြို့သို့လည်းကောင်း တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်၍ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများသို့ ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းကို လည်းကောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာနှင့် ရုံး အဆောက်အဦများ ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း လည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph