
ဖေဖော်ဝါရီလ ၁၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “နိုင်ငံသားတိုင်း ဥပဒေအသိပညာရှိသင့်သည်”ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ ဝန်ထမ်းများအနေဖြင့် ဥပဒေဆိုင်ရာ အခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျတာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ခဲ့သည့် သင်တန်းကာလ အတွင်း ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သည့် ဥပဒေအသိပညာပြန်ပွားရေးဆင့်ပွား သင်တန်းကို တက်ရောက်ပြီးသော အရာထမ်း၊ အမှုထမ်းများက သိသင့်သိထိုက်သည့် ဥပဒေပညာရပ် များကို ရွေးချယ်ထည့်သွင်းပြီး သင်ကြားပို့ချသွားတာကို တွေ့ရှိရပါကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့်အပြင် နိုင်ငံသားတိုင်းအနေဖြင့်လည်း သိရှိလိုက်နာ စောင့်ထိန်းရမည့် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ခုလည်းဖြစ်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတာဝန်များကို ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာရပ်များကို ပိုမိုသိရှိနားလည် တတ်ကျွမ်းရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး ဥပဒေနှင့် ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို ရှောင်ရှား၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက်ခိုင်မာစွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥပဒေရေးရာဟောပြောပွဲ၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က “နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကိုလည်းကောင်း၊ သင်တန်းနည်းပြများက “မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာ”တို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့မှုအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းဆင်းဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။