ဖေဖော်ဝါရီလ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း ဆန်တော်၊ ဆီ၊ ကုလားပဲများကို ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းသာမဏေများအတွက် ဆပ်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့ပတ်လမ်း၊ ရပ်ကွက်(၃)ရှိ ဓမ္မရက္ခိတသီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေသော စာသင်သား သီလရှင်အပါး ၇၀ အတွက် ဆွမ်းဆန်တော် အခက်အခဲ မရှိစေရန် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသီဟဇော်နှင့် ရုံးဝန်ထမ်းများက ဆွမ်းဆန် ရှစ်အိတ်၊ ဆီ ၁၁ ပိဿာ၊ ကုလားပဲ ၁၈ ပိဿာ စသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများအား နာယကဆရာကြီး၊ ဒေါ်ကဉ္စနထေရီထံသို့ ထောက်ပံ့ ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။