နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် သိလ္လာချောင်းဖျား ကျေးရွာအုပ်စု ကျေးလက်ဆေးပေးခန်း၌ လိုအပ်လျက်ရှိသည့် သန့်ရှင်းသော သောက်သုံးရေနှင့် သားဖွားခန်းသုံးရေလုံလောက်စွာ ရရှိနိုင်စေရန်အတွက် လေးလက်မ စက်ရေတွင်းတူးဖော်၍ ဆိုလာစနစ်ဖြင့် ရေတင်ခြင်း၊ ရေစုကန်၊ ရေစစ်ကန်နှင့် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မှုကြောင့် ယခင်က ကျေးလက်ဆေးပေးခန်းသို့ လာရောက်ကုသမှုခံယူကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နာမကျန်းဖြစ်သူ ဒေသခံပြည်သူလူထုများမှ ရေရရှိရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ အချိန်အခါမရွေး သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိအသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မြင့်မားလာနိုင်ပြီး လူမှုဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်းသိရသည်။