နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဟွေ့ရေခေါက်- ဒုံလိတန် ကျေးရွာချင်းဆက်ကျောက်လမ်း ၁၂မိုင် ၂ ဖာလုံအနက် ၃ မိုင်ကတ္တရာခင်းပြီး ကျန် ၉ မိုင် ၂ ဖာလုံမှ ၄ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာ ၁၀ ရွာမှ လူဦးရေ ၂၂၆၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၇၇၉၇ ဒသမ ၅၆၃ သန်းဖြင့် မြေလမ်း ၉ မိုင်၊ ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်း ၂ မိုင်၊ ကျောက်လမ်း ၉ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင် ၆ ဒသမ ၆ ဖာလုံ၊ ကွန်ကရစ်တံတားလေးစင်း၊ Box Culvert ၂၃စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း တစ်ခု၊ ကျောက်စီရေမြောင်း ၂ ဖာလုံ၊ ပညာရေးလုပ်ငန်းတစ်ခု၊ မီးသွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်း လုပ်ငန်းသုံးခု၊ သာသနာရေးလုပ်ငန်းလေးခုနှင့် ဦးစီးဌာနလုပ်ငန်းငါးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။