နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင်လ   ၁၇   ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ  အရာထမ်း၊ အမှုထမ်းများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနရှိ  အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုများကို ရှောင်ကြည်လာနိုင်စေရန် ရည်ရွယ်၍ ယခုအခမ်းအနားကို စီစဉ်ဆောင်ရွက်‌ပေးရခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ များစွာအဟန့်အတားတစ်ခု ဖြစ်ပေါ်စေသည့်အတွက် ကောင်းမွန်သည့် အစိုးရတစ်ရပ်၊ သန့်ရှင်းသည့် အစိုးရတစ်ရပ် ဖော်‌ဆောင်ရာ၌ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းအောင် ကျင့်ကြံဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဒုတိယဝန်ကြီးက ဦးဆောင်၍ လုပ်ငန်းတာဝန် ၃ ရပ်နှင့် လုပ်ငန်းအစီအစဉ် ၆ ရပ် တို့ကို အခြားသော ဝန်ကြီးဌာနများနည်းတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပူး‌ပေါင်းစီစဉ်ရိုက်ကူး ထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲမှတ်တမ်း များကို မိမိတို့ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ရုံးများနှင့် သင်တန်း ကျောင်းများသို့ ကြည့်ရှုမှတ်သားနိုင်ရေး ဖြန့်ဝေ ထားရှိသည့်အတွက် မိမိတို့ ဝန်ထမ်းများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နေကြပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံနှင့်ပြည်သူတို့အတွက် စေတနာထားပြီး ရိုးသား၊ ကြိုးစား၊ သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်ပြီး ကောင်းမွန်ပြီးဖြစ်သည့် ဝန်ကြီးဌာန၏ပုံရိပ်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အများပြည်သူ အကျိုးဖော်ဆောင်ရာ၌ ပေးအပ်ထားသည့် ရာထူးနှင့်လုပ်ပိုင်ခွင့်များကို သုံးပြီး ဆုံးဖြတ်ချက်ချရာတွင် မိမိ အကျိုးနှင့် အများအကျိုးအကြား လွန်ဆွဲရာမှ ကိုယ်ကျိုးအတွက် အလေးထားဆုံးဖြတ်လိုက်မည် ဆိုပါက အကျိုးစီးပွားပဋိပက္ခ (Conflict of Interest) မှတစ်ဆင့် အဂတိလိုက်စားမှု မြောက်သွား နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏ အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ လွဲမှားမှုများ ဖြစ်ပေါ်ကာ အခြေခံပြည်သူများအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ပါသည်။
    ယင်းနောက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦးက လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
   ဆက်လက်၍ နေ့လယ်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန် ရှိသူများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် ဦးဆောင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CUP) တို့ တွေ့ဆုံကာ အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်များ၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
 

Post Paragraph
video-upload