နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် GRET တို့အကြား စားနပ်ရိက္ခာဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု မြင့်တင်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲအသုံးချရေးစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Groupe de Recherches et d'Echanges Technologiques (GRET) တို့အကြား စားနပ်ရိက္ခာဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲအသုံးချရေး စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့မွန်းလွဲ (၁) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ Groupe de Recherches et d'Echanges Technologiques (GRET) မှ ဌာနေကိုယ်စားလှယ် ဒေါ်မြင့်စုနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မှ အမှာစကားပြောကြားပြီး GRET ဌာနေကိုယ်စားလှယ် ဒေါ်မြင့်စုမှ နားလည်မှု စာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
    ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် GRET ဌာနေကိုယ်စားလှယ် ဒေါ်မြင့်စုတို့မှ နားလည်မှုစာချွန် လွှာအား လက်မှတ်ရေးထိုးခဲ့ကြပြီး နားလည်မှုစာချွန်လွှာ အပြန်အလှန်လဲလှယ်ကြသည်။
    အဆိုပါ နားလည်မှုစာချွန်လွှာအရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Groupe de Recherches et d'Echanges Technologiques (GRET) တို့ပူးပေါင်း၍ ချင်းပြည်နယ် (မြောက်ပိုင်း) ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်မြို့နယ်များနှင့် ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝမြို့နယ်တို့တွင် (၃) နှစ်ကြာစီမံကိန်းဖြင့် စားနပ်ရိက္ခာဖူလုံဝပြော ပိုလျှံရေး၊ သက်မွေးဝမ်းကျောင်းမြှင့်တင်ရေးနှင့် သဘာဝအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲရေး၊ ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတိုးတက်ရေး လုပ်ငန်းများအား ပြန်လည်မြှင့်တင်ပေးခြင်း စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။