နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် UN အဖွဲ့အစည်း (၄) ဖွဲ့သို့ ဂျပန်နိုင်ငံအစိုးရမှ ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲ ကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် UN အဖွဲ့အစည်း (၄) ဖွဲ့သို့ ဂျပန်နိုင်ငံအစိုးရမှ ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲအား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး  H.E. Mr. Tateshi Higuchi၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ခံကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသများ၌ ဆောင်ရွက်မည့် ထောက်ပံ့ပေးရေး စီမံကိန်း (၄) ခုအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး  H.E. Mr. Tateshi Higuchi နှင့် ကုသလမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် WFP၊ UN-HABITAT၊ FAO၊ UNHCR တို့မှ ဌာနေကိုယ်စားလှယ်များက သဘောတူညီချက်များအား လက်မှတ်ရေးထိုး၍ အပြန် အလှန်လဲလှယ်ခဲ့ကြပြီး ကုလသမဂ္ဂအေဂျင်စီများကိုယ်စား WFP မှ ဌာနေကိုယ်စားလှယ် Mr. Domenico Scapelli က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက်     ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ဂျပန်နိုင်ငံအစိုးရမှ ကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့် ကူညီဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါ ကြောင်း၊ စီမံကိန်းများအနေနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသနဲ့ ကျေးလက်ဒေသများမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အခြေခံအဆောက်အဦ၊ ရေနှင့်သန့်ရှင်းရေး၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ စားနပ်ရိက္ခာ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လူမူစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမူဖွံ့ဖြိုးရေးနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ဖြင့် အထောက်အကူပြုနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါ ကြောင်း၊ အဲဒီအခြေခံလိုအပ်ချက်ဟာ တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ၎င်းတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စဉ်ဆက်မပြတ် ထောက်ပံ့ ကူညီပေးမှုများအတွက် ဂျပန်နိုင်ငံအစိုးရအားလည်းကောင်း၊ စီမံကိန်းတွေကို ပူပေါင်းဆောင်ရွက် ပေးတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ WFP၊ UN-HABITAT၊ FAO နှင့် UNHCR တို့အားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို ကုလသမဂ္ဂအဖွဲ့အစည်းများမှလည်း စီမံကိန်းများအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi မှ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသ များတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကုသလမဂ္ဂအဖွဲ့အစည်းမှတစ်ဆင့် ကူညီထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ ပါသည်။
    ဂျပန်နိုင်ငံအစိုးရအနေဖြင့် WFP မှတစ်ဆင့် ဂျပန် ယန်း (၂,၂၅၅) သန်း၊ UN-HABITAT မှတစ်ဆင့် ဂျပန် ယန်း (၆၀၇) သန်း၊ FAO မှတစ်ဆင့် ဂျပန် ယန်း (၅၃၁) သန်း၊ UNHCR မှ တစ်ဆင့် ဂျပန်ယန်း (၃၆၅) သန်း၊ စုစုပေါင်း ဂျပန် ယန်း (၃,၇၅၈) သန်း ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ တိုင်းရင်း သားများ နေထိုင်ရာဒေသများတွင် စားနပ်ရိက္ခာနှင့် အရေးပေါ် ကူညီထောက်ပံ့ရေး စီမံကိန်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသူများအတွက် ကူညီထောက်ပံ့ရေး စီမံကိန်း များ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်စပ်ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ Representative ဖြစ်သူ Mr. Giuseppe de Vincentiis နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) မှ Country Director and Representative ဖြစ်သူ Mr. Domenico Scapelli တို့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံကြရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNHCR၊ WFP တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။