နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော်   အောက်တိုဘာ ၁၀
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၇ ကျောင်းတို့၌ ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁၀-၁၀-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်းများနှင့်အတူ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်း ကျောင်း(ဘားအံ၊ ပုသိမ်)တို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်း ဆောင်၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ 
        အလားတူ အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲများကို လွိုင်ကော်မြို့ သင်တန်းကျောင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ မြိုင်ကြီးငူမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဆိုက်ခေါင် သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့ တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများမှ  တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။
        အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ တိုင်းရင်းသားအမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်း များအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ  အထည်ချုပ်စက်ရုံများတွင်  ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ  အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်စက် ၁ စုံစီ ဆုချီးမြှင့်ပေးခြင်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းပြီးသူများကိုလည်း ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
           အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၇ ကျောင်းတွင် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများသို့ သင်တန်းသား/သူ ၄၈၇ ဦး တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်း ကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသား/သူ စုစုပေါင်း ၉၇၇၇၈ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

 

Post Paragraph