နေပြည်တော် အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၁ကျောင်းတို့တွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ် ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစု အပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများ၊ ဟိုတယ်ဇုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများ ဖွင့်ပွဲ၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဆင်းပွဲနှင့်ဖွင့်ပွဲ အခမ်းအနားများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်) တွင် ၈-၅-၂၀၂၃ ရက်နေ့မှ ၂၃-၁၀-၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများဖြစ်သည့် (ဧည့်ကြို အိပ်ခန်းဆောင်၊အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှု) သင်တန်းအမှတ်စဉ်(၆)ဆင်းပွဲ၊ အမှတ်စဉ် (၇)ဖွင့်ပွဲနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲများအား ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦီးတင်မောင်ဝင်း၊ လွိုင်ကော်မြို့ သင်တန်းကျောင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဆိုက်ခေါင်မြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ကွန်ဟိန်းမြို့ သင်တန်းကျောင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ မြိုင်ကြီးငူမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လဟယ်မြို့ သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မင်းပြားမြို့ သင်တန်းကျောင်းတွင် မင်းပြားတပ်နယ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းကိုတို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ
၂
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးများနှင့် ခရိုင်/မြို့နယ်ရှိ တာဝန်ရှိသူများ အသီးသီး တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၆)တွင် သင်တန်းသူ ၂၁ ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ဖွင့်လှစ်သည့် သင်တန်းကျောင်း ၂၁ ကျောင်းတွင် ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၂-၃-၂၀၂၄ ရက်နေ့ထိ သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်ကြာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းစသည့် သင်တန်း ၄ မျိုးတွင် သင်တန်းသူ ၆၅၀ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူစုစုပေါင်း ၉၅၈၅၆ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။