နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်   အောက်တိုဘာ  ၂၈ 
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၅ ကျောင်းတွင် နယ်စပ်ဒေသ အပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့် စက်ချုပ် ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစု အပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းတို့အား ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ 
        ထိုသို့ ဖွင့်လှစ်ရာ၌ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လပွတ္တာမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ လဟယ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြိုင်ကြီးငူမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ ဆိုက်ခေါင် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ တာချီလိတ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း တို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။  
        အဆိုပါ သင်တန်းကျောင်း ၁၅ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၄၂၀ ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းသူ ၅ ဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ ၅ ဦး၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းသူ ၄၀ ဦး၊ သင်တန်းသူ စုစုပေါင်း ၄၇၀ ဦး တက်ရောက်၍  ၂၀၂၄ ခုနှစ် အောက်တိုဘာ လ ၂၈ ရက်နေ့ မှ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၆၈၄၁ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

Post Paragraph