အောင်ပန်း နိုဝင်ဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)ဟိုတယ်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(အောင်ပန်း)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စက်မှုလက်မှုသင်တန်းကျောင်း (အောင်ပန်း)အနေဖြင့် သင်တန်းသား ၁၄၀ဦး မွေးထုတ်နိုင်ခဲ့ပြီး ၆၆ ဦးအား အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။မိမိတို့ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းများသာမက ဟိုတယ်သင်တန်းနှင့် ဆက်စပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် စက်မှုလက်မှုနှင့် ဟိုတယ်သင်တန်းများအား တစ်လှည့်စီဖွင့်လှစ်ပေးခြင်းဖြင့် ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုဇုန်များ၊ ပင်းတယ၊ အောင်ပန်း၊ ကလော၊ အင်းလေး၊ တောင်ကြီးမြို့များရှိ ဟိုတယ်များအတွက် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ဒေသတွင်းရှိ ဟိုတယ် လုပ်ငန်းရှင်များအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများရရှိရေး ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသာ ၃၀ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာဘာသာရပ်ဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း(HK)၊အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း(F&B)သင်တန်းနှစ်မျိုးကို စာတွေ့သုံးလ ကျွမ်းကျင်နည်းပြများဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး ဒေသအတွင်းရှိ ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း (On Job Training) သုံးလအား လက်တွေ့ လေ့လာဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်းမြင့်
(ပြန်/ဆက်)