နေပြည်တော် မတ်လ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ စီမံကိန်းတွင် အသုံးပြုခဲ့သော ရေတွင်းတူးစက်နှင့် ကွန်ပရက်ဆာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ UNHCR မှ ဌာနေကိုယ်စားလှယ် Mr.Giuseppe De Vincentiis နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ UNHCR ဌာနေကိုယ်စားလှယ် Mr.Giuseppe De Vincentiis မှ ရေတွင်း တူးစက်လွှဲပြောင်း ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး လွှဲပြောင်းပေးအပ်သည့် စာချုပ်အား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် လက်မှတ်ရေးထိုး၍ အထောက်အထား စာရွက်စာတမ်း များ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မှ ကျေးဇူးတင်စကား ပြောကြားရာတွင် UNHCR အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းျဒသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၌ ရေရရှိရေးလိုအပ်ချက်ရှိသည့် ကျေးရွာများတွင် ရေတွင်း၊ ရေကန်၊ စိမ့်စမ်းရေသွယ် ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဒေသခံများ၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလွှဲပြောင်းပေးအပ်သည့် ရေတွင်းတူးစက်ဟာလည်း နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်လျက် ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အ ကူဖြစ်သည်သာမက နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ မှာရှိတဲ့ တိုင်းရင်းသားများရဲ့ လူနေမှုဘဝနှင့် အခြားလိုအပ်ချက်များကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခုလွှဲပြောင်းပေးအပ်သည့် ရေတွင်းတူးစက်သည် ဒေသခံပြည် သူလူထုများ အတွက် ရေကောင်းရေသန့်ရရှိ စေသည့်အပြင် ၎င်းတို့၏ လူနေမှုဘဝ မြှင့်တင်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအပါအဝင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တဖက်တလမ်းမှ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ UNHCR ဌာနေကိုယ်စားလှယ် နှင့်တာဝန်ရှိသူများမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သော ရေတွင်းတူးစက်နှင့် ကွန်ပရက်ဆာများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၀၅ခုနှစ် မှ စတင်၍ စီမံကိန်းလုပ်ငန်းများအား နားလည်မှုစာတမ်း (LOU) လက်မှတ်များ ရေးထိုးပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် စီမံကိန်းသက်တမ်း(၃) နှစ်ဖြင့် ၂၀၁၇ ခုနှစ် မှစတင်၍ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အမေရိကန်ဒေါ်လာ (၁၇.၄) သန်းဖြင့်မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းနေရပ် စွန့်ခွာနေထိုင်သူ များ မိမိတို့ဆန္ဒအလျောက်နေရပ်ဒေသသို့ ပြန်လာနိုင်ရေး အကူအညီပေးရေး စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နာလည်မှုစာတမ်း (LOU) လက်မှတ်ရေးထိုး နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။