သံလွင်တံတားပေါ်မှ ဘားအံမြို့သို့ ပြန်ခဲ့ပေပြီ။
မြစ်ရေများသည် ငြိမ်သက်စွာ ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ တောင်တန်းများကလည်း တိတ်တဆိတ် ရပ်တည်နေကြဆဲ ဖြစ်သည်။ နေဝင်ပေတော့မည်။ နေရောင်တို့ကြောင့် သံလွင်မြစ် ၏ ရေမျက်နှာပြင်ပေါ်တွင် ရွှေရောင်လှိုင်းကလေးများဖြစ်ပေါ် ပျံ့နှံ့နေသည်။ တောင်တန်းများ၏ အရိပ်များက မြစ်ရေထဲသို့ တိတ်တဆိတ်လျှောဆင်းနေကြ၏။ ညအချိန်၏ တိတ်ဆိတ်မှုကို ကြိုဆို နေသကဲ့သို့ ထင်မြင်ရသည်။
ဘားအံမြို့ကြီးက မီးရောင်အောက်တွင် လှပနေသည်။ ဇွဲကပင်တောင် ပွဲတော်ဘက်မှ တေးဂီတသံများ ကြားနေရသည်။ မနက်ဖြန်ဆို ဖားစည်မြေမှ ပြန်ရပေဦးမည်။ လွမ်းရပါဦးမည်။ တစ်ချိန်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးများ၊ ယမ်းခိုးယမ်းငွေ့များ၊ ဆိုးရွားလှသည့် အနိဌာရုံ မြင်ကွင်းများကို မဟုတ်ပါ။ ငြိမ်းချမ်းစွာ တည်ရှိနေမည့် ကရင်ပြည်နယ်၏ ဖားစည်သံ၊ ဇွဲကပင် တောင်၊ သံလွင်မြစ်၊ ရေ၊ မြေ၊ တောတောင်သဘာဝ၊ ရိုးသားသော တိုင်းရင်းသားများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပင် ဖြစ်ပါလိမ့်မည်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
အတိတ်ကာလများကပင် စာရေးသူတို့ ဘိုးဘွားများသည် လမ်း မရှိသည့်နေရာများ တွင် ပေါက်ပြား၊ ဓားတို့ဖြင့် လမ်းဖောက်ခဲ့ကြသည်။ တံတားမရှိသော မြစ်ချောင်းများကို လှေငယ် များနှင့် ကူးခဲ့ကြသည်။ ယာယီတံတားများ ထိုးခဲ့ကြသည်။ လမ်းဖောက်ခြင်း၊ တံတားဆောက် ခြင်းသည် တောင်ကုန်းများကို ဖြတ်ရသည်။ မြေနိမ့်များကို ဖို့ရသည်။ ချောက်ကမ်းပါးများကို ကျော်ရသည်။ မြစ်ချောင်း အတားအဆီးများကို ကူးရမည်။ မဖြစ်နိုင်သော အလုပ်တော့ မဟုတ်ခဲ့ ပါ။ ဘိုးဘွားတို့က ချွေးစက်များဖြင့် ဆောင်ရွက်၍ ပေးခဲ့ကြသော လက်ဆင့်ကမ်းအမွေများ ဖြစ်သည်။
ပစ္စုပ္ပန်တွင် စာရေးသူတို့၌ စက်ယန္တရားများ ရှိနေပေပြီ။ နည်းပညာများ ရှိနေပေပြီ။ လူသားအရင်းအမြစ်များလည်း ရှိနေပေပြီ။ ပိုမိုကောင်းမွန်သည့်လမ်းများ၊ ပိုမိုခိုင်ခံ့သည့် တံတား များကို ဆောက်လုပ်ရန် အခွင့်အလမ်းများ ရှိနေပါပြီ။
အနာဂတ်အတွက် အရေးအကြီးဆုံးမှာ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ မည်သည့် လမ်းကို ဦးစားပေးဖောက်မည်။ မည်သည့်တံတား ကြီးငယ်များကို ဦးစားပေးတည်ဆောက်မည်၊ မည်သည့် ဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်။ ဤမှန်ကန်သော ဆုံးဖြတ်ချက်များက နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆုံးဖြတ်ပေးနိုင်ပါလိမ့်မည်။
ဒေသခံများအတွက် အရေးပါသော လမ်းတံတားများ
“ဖောက်ပြီးသော လမ်းများပေါ်တွင် မောင်းနှင်ခြင်းထက် မဖောက်ရသေးသော လမ်းသစ် များကို ဖောက်လုပ်ခြင်းက ပိုမိုခက်ခဲပြီး ဂုဏ်ယူဖွယ်ကောင်းလှသည်” ဟု အဆိုရှိပါ သည်။
စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက် ပေးခဲ့ သော အသုံးဝင်သည့်၊ အကျိုးရှိသည့် လုပ်ငန်းများစွာရှိပါသည်။ ထိုလမ်း/တံတားများသည် ဒေသခံ များအတွက် များစွာအရေးပါလှကြောင်း မြင်သာထင်သာ ရှိလှပေသည်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မဂွေဇ-ခေါင်လန်ဖူးလမ်း ၆၅ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း လုပ်ငန်းကို အခက်အခဲမျိုးစုံကြားမှာ အောင်မြင်စွာ ဖောက်လုပ်ဆောင်ရွက်ပေး နိုင်ခဲ့သည်။ လမ်း ဖောက်လုပ်ရေး၊ တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ချိန် ၄ နှစ်ကျော် ၅ နှစ် နီးပါး ကြာခဲ့ ပါသည်။ ယခုကာလတွင်လည်း ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် နေဆဲဖြစ်သည်။ ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းခဲ့သည့် မြန်မာပြည် မြောက်ဖျားနေ ဒေသခံတို့အတွက် မျှော်လင့်ခြင်းအိပ်မက်များကို နိုးထရှင်သန်စေခဲ့သော လမ်း တစ်လမ်းပင် ဖြစ် ပါသည်။
ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့် (မြောက်ပိုင်း)၊ သီပေါ မြို့နယ် အား ဆက်သွယ်ဖောက်လုပ်ပေးသည့် ကျောက်ဂူ-နောင်ဝိုး-ညဉ့်စဉ်-ကျန်ကော့-ပန်ဝပ်-သဘာဝ တံတား-ကုန်းအံ-နမ့်လန် လမ်းကြောင်း ၅၀ မိုင် ၄ ဖာလုံသည် အတက်အဆင်း မတ်စောက်သည့် ဒုဌဝတီတံတား(တာပလန်းဆိပ်)အား ရှောင်ကွင်းသွားလာနိုင်ခြင်း၊ ဂုတ်ထိပ် ဒေသ၌ ယာဉ်ကြော ပိတ်ဆို့မှု အခက်အခဲအား ရှောင်ကွင်းသွားလာနိုင်ခြင်း၊ ကုန်စည်ပို့ဆောင် ရေးစရိတ် လျော့နည်း စေခြင်း၊ တောင်အတက်အဆင်းနည်းပါးပြီး ပြေပြစ်သော လမ်းပိုင်း ဖြစ်သောကြောင့် ဘေးအန္တရာယ် နည်းပါးခြင်းနှင့် လမ်းတစ်လျှောက်ရှိ ကျေးရွာ ၇၀ ရွာရှိ လူဦးရေ ၃၅၀၀၀ ခန့်၏ လူမှုစီးပွား ဘဝများကို များစွာ အထောက်အကူပြုသော လမ်းမကြီးနှင့် တံတားများ ဖြစ်ပါသည်။
ထို့အပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့ ဆက်သွယ်သည့် နာနတ်တော-ဘောင်ကန်း-ခဲကား-မှော်ဘီ-နောင်ပိ-ပင်လောင်း ၆၄ မိုင်လမ်းနှင့် ထိုလမ်းပေါ်ရှိ တံတားများသည်လည်း ဒေသတွင်း အကျိုးပြုမှု အလွန်များသော လမ်းကြောင်း တစ်လမ်းဖြစ်ခဲ့သည်။ ထိုလမ်းကြောင်းကြောင့် ပဋိပက္ခကာလအတွင်း ကယား ပြည်နယ်ဒေသ အတွင်း ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီများ၊ သွားလာရေးအခက်အခဲ မရှိခဲ့ခြင်းသာ ဖြစ်သည်။ ပဋိပက္ခရှောင် ပြည်သူများအတွက်လည်း အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ တောင်ဘက်အကျဆုံး “ရေး”မြို့နယ်အတွင်းရှိ “ကဗျာဝ ပင်လယ် ကမ်းခြေ ပတ်လမ်းနှင့် ကဗျာဝ ကွန်ကရစ်တံတား” ၃၇၅ ပေ အား ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် မိုးရွာသွန်းမှု များပြားသော ဤဒေသသည် မိုးရာသီသွားလာရန် ခက်ခဲသော အခြေအနေမှ ရာသီ မရွေး အချိန်တိုအတွင်း သွားလာနိုင်ခဲ့ပြီ။ ပင်လယ်ကမ်းခြေဒေသ ကျေးရွာများ၏ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ဒေသထွက်ကုန်များ အချိန်မီတင်ပို့နိုင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေးအတွက် များစွာအထောက်အကူပြုခဲ့ပါသည်။
အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသများတွင် ဆောင်ရွက်ပေးခဲ့သည့် လမ်းများ၊ တံတားများလည်း များစွာရှိပါသည်။
အကျိုးဆက်
လမ်းများ၊ တံတားများ ကောင်းမွန်လာသည်နှင့်အမျှ လူမှုစီးပွားရေး လှုပ်ရှားမှုများ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများလည်း တဖြည်းဖြည်း အသက်ဝင် လာကြသည်။ ကုန်စည်များ စီးဆင်းသွားလာရာ Commercial Road များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ချိတ်ဆက်ပေးသည့် Main Highway များမှစ၍ ကျေးရွာလမ်းငယ်များမှ Rural Road များအထိ လမ်းပန်းဆက်သွယ်ရေး တစ်ရပ်လုံးသည် နိုင်ငံသားတို့၏ လူမှုစီးပွား ဘဝများကို ကွင်းဆက်သဖွယ် အပြန်အလှန် ချိတ်ဆက်ပေးသည့် Transport Network ကြီး တစ်ခု အဖြစ် တည်ရှိနေပါသည်။
ထိုသို့သော လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ ဌာနအသီးသီးက မိမိ တာဝန်ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
တာဝန်ယူဆောင်ရွက်
ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုတစ်ဝန်း ချိတ်ဆက်ပေးသည့် အဓိကလမ်း ကြောင်းများနှင့် Main Road Network လမ်း/တံတားများကို ဦးဆောင် ဖောက်လုပ်တည်ဆောက် ပေးပါသည်။ ထိုလမ်းကြီးများသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ များအကြား သွားလာရေးအတွက် သာမက ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှု များအတွက် အရေးပါသော Transport Corridor များ ဖြစ်လာကြသည်။
မြို့ပြဒေသများတွင် နေ့စဉ်လူနေမှုဘဝ လှုပ်ရှားမှုများ အဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက မြို့များတွင် Urban Road System များကို တာဝန်ယူဆောင်ရွက်ပါ သည်။ ဈေးကွက်များ၊ စက်မှုဇုန်များ၊ လူနေအိမ်ရာ ရပ်ကွက်များကို ချိတ်ဆက်ပေးသည့် လမ်း/ တံတားများက မြို့ပြဘဝ၏ လှုပ်ရှားမှုများကို တက်ကြွစေပါသည်။
ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသအကြား အကွာအဝေးကို လျှော့ချနိုင်ရန်နှင့် ကျေးလက် ဒေသများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက rural road connectivity ကို တိုးတက်ကောင်းမွန်စေရန် လမ်း/တံတားများ တည်ဆောက် ပေးလျက်ရှိပါသည်။ ကျေးလက်ဒေသများအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှု ကောင်းမွန်စေသည့် မျှော်လင့်ချက် ပြည့်ဝစေသည့် လမ်း/တံတားများ ဖြစ်ပါသည်။
အချို့သော ကျေးလက်ဒေသများတွင် မြို့ကြီးများနှင့် ဆက်သွယ်ရေး ခက်ခဲသဖြင့် ဆင်းရဲ နွမ်းပါးမှုကြား နစ်မြုပ်နေသည့် ဒေသများ ရှိနေဆဲဖြစ်သည်။ လမ်းကောင်းကောင်းရှိမှသာ ဒေသ၏ ထွက်ကုန်များ အလွယ်တကူ ရောင်းချနိုင်မည်၊ ဝင်ငွေ ကောင်းမည်။ မြို့များမှ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ လွယ်လွယ်ကူကူ ရရှိနိုင်ပါမည်။
အထူးသဖြင့် တောင်တန်းများနှင့် တောတောင်ထူထပ်သည့် နယ်စပ်ဒေသများတွင် လမ်း တံတားတည်ဆောက်ရေးလုပ်ငန်းများသည် ပိုမိုခက်ခဲကြမ်းတမ်းလှပါသည်။ မြစ်ချောင်းများ ရေ ကြီးခြင်း၊ တောင်ကျရေများ ကြမ်းတမ်းခြင်း၊ တောင်ပြို မြေပြိုခြင်း၊ တောင်ကြားများကြား လမ်းဖောက်ရန် ခက်ခဲခြင်း၊ တည်ဆောက်ရေးပစ္စည်းများ၊ ယန္တရားများ ပို့ဆောင်ရန် ခက်ခဲခြင်း၊ လုံခြုံရေးကန့်သတ်ချက်များ ရှိခြင်းကြောင့် ဆက်သွယ်သွားလာရေး မလွယ်ကူသော ဒေသများ ဖြစ်ပါသည်။
ထိုကဲ့သို့သော နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက Border Area Development Projects များအဖြစ် လမ်းများ၊ တံတားများ တာဝန်ယူ ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိပါသည်။ လမ်း/တံတား မရှိသေးသည့် တောင်တန်းများ ကြားက တိတ်ဆိတ်နေသည့် ရွာငယ်လေးများအား ချိတ်ဆက်ပေးသည့် လမ်းတစ်လမ်း၊ မြစ် ချောင်းတစ်စင်းကို ကျော်လွှားစေသည့် တံတားတစ်စင်းသည် နယ်စပ်ဒေသရှိ ပြည်သူများအတွက် သွားလာရေးအဆင်ပြေစေရုံ သာမကဘဲ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအင်အားများပင် ဖြစ်ပါသည်။ ထိုလမ်း တံတားများသည် နိုင်ငံ၏ နယ်စပ်ဒေသများနှင့် အခြားဒေသများ ပိုမိုနီးကပ် စေရန် ချိတ်ဆက်ပေးသည့် Development Link များအဖြစ် သက်ရောက်မှုဖြစ်လာကြပါသည်။
အရေးပါသော ကဏ္ဍ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ သည် အရေးပါသော Infrastructure Sector ဖြစ်သည်။ လမ်းနှင့်တံတားသည် စွမ်းဆောင်ရည်၊ အား ထုတ်မှုများဖြင့် တည်ဆောက်ရသော အနာဂတ်ပုံဖော်မှုလည်း ဖြစ်သည်။
“A single road can change a village, a single bridge can change a life.”
“လမ်းတစ်လမ်းသည် အနာဂတ်ကို ဦးတည်ခြင်းဖြစ်သည်။”
“တံတားတစ်စင်းသည် ဝေးကွာနေသော ကမ်းနှစ်ဖက်ကို နီးစပ်စေသည်။”
စာရေးသူတို့ နိုင်ငံတွင် တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသများ တွင် လိုအပ်သောအချို့လမ်းများ ဖောက်လုပ်ပြီးစီးသွားပြီ။ အချို့တံတားများဆောက်လို့ ပြီးစီးသွား ပြီ။ အချို့လမ်းများ ဖောက်လုပ်ဆဲဖြစ်သည်။ အချို့တံတားများ တည်ဆောက်ဆဲ ဖြစ်သည်။ ခရီးပန်းတိုင်ရောက်ဖို့အတွက် ထိုလမ်းများပေါ်မှာ လျှောက်ကြသည်။ ထိုတံတားပေါ်မှာ ဖြတ်သန်း ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောက်ရဦးမည့် လမ်းများ၊ ဆောက်ရမည့် တံတားများ က မနက်ဖြန်များစွာအတွက် စောင့်ကြိုနေဆဲဖြစ်သည်။ အဆုံးမရှိသေးပါ။
မချောမွေ့သော လမ်းများကိုလည်း ကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ရပါလိမ့်မည်။ ယိုင်နဲ့နေသော တံတားများ၊ ပျက်စီးနေသော တံတားများကိုလည်း ခိုင်မြဲအောင် ပြန်လည်တည် ဆောက်ရပါလိမ့်မည်။ ထိုအခြေခံအဆောက်အအုံများသည် ပြည်သူလူထု၏ အနာဂတ်ဘဝကို ထောက်ပံ့နေသော အုတ်မြစ်များပင် ဖြစ်၏။ ထိုအုတ်မြစ်များကို တူးဆွခြင်း၊ ဖြိုချခြင်း၊ ဖျက်ဆီး ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင် ဖြစ်ပါသည်။
ဖျက်ဆီးခြင်းသည် ဝိဝါဒကွဲပြားသူတို့၏ ခဏတာအာရုံစိုက်မှုကိုသာ ရရှိစေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတိုးတက်ရေးနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ် လိုလားသူတိုင်း အနေဖြင့် ဖျက်ဆီးမှုများမှ ဝေးကွာလျက် တည်ဆောက်ရေးလုပ်ငန်းများကိုသာ ရွေးချယ်ကြရပါ မည်။ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည်။
လမ်းသစ်/တံတားသစ်များ
ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးခြင်းသည် တိုက်ရိုက်အချိုးကျပါသည်။ ဒေသများ ငြိမ်းချမ်းမှု ရှိမှသာ ဒေသဖွံ့ဖြိုးရေးများ ရှင်သန်လာမည် ဖြစ်ပါသည်။
ဒေသဖွံ့ဖြိုးရှင်သန်စေရန် ဆောင်ရွက်ခဲ့သည့် ထိုလမ်းများ၊ တံတားများအား မိမိတို့၏ မျိုးဆက်သစ်များ ဆက်လက်အသုံးပြုကြပါလိမ့်မည်။ ထိုလမ်းတံတားများကို အသုံးပြု၍ နိုင်ငံ၏ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ခရီးများကို လုံခြုံစိတ်ချ အောင်မြင်စွာ ဖြတ်သန်းသွားလာနိုင်ကြပါလိမ့်မည်။
ထို့ကြောင့် နိုင်ငံတော်ကို အမှန်ချစ်မြတ်နိုးစိတ်၊ သဘာဝအရင်းအမြစ်များကို လေးစားထိန်း သိမ်းစိတ်နှင့် နိုင်ငံအတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ဆန္ဒများဖြင့် နိုင်ငံတော်၏ ရှိပြီး အခြေခံ အုတ်မြစ်များ(Infrastructure)ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြလျှက် ဆက်လက်၍ -
“လမ်းသစ်များ ဖောက်ကြပါစို့…..တံတားသစ်များ ဆောက်ကြပါစို့။”
ဝထကလသ
(နတလ)