
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကို မတ်လ ၂၈ ရက်တွင် ကျင်းပကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒေါ်မိုးသန္တာဦးက သင်တန်းကျောင်းဆိုင်ရာ သမိုင်းအကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစားများ၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်းတို့ကို ရှင်းလင်းပြောကြာသည်။
ထို့နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ကြပြီး သင်တန်းသူများကိုယ်တိုင်ချုပ် လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို လိုက်လံ ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် အထိ သင်တန်းကာလခြောက်လကြာ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

