
“အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂါတ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေး၏ အခြေခံဇာစ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ညီညွတ်စွာ၊ အချင်းချင်းအပြန်အလှန်ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့်ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသောခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာ တည်ဆောက်ရမည်ဖြစ်ရာ အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း ပြုစုပျိုးထောင်သွားရမည်ဖြစ်ပါသည်။”
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက် ခဲ့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ် ထားခြင်းဖြစ်ပါသည်။
နိုင်ငံတော်တည်ဆောက်ရေးအတွက် စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီး၊ ငြိမ်းချမ်း တည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအား “ပြည်ထောင်စုစိတ်ဓာတ်” ဖြင့်သာ တည်ဆောက်သွားရမည်ဖြစ်သည်။ သို့ဖြစ်လျှင် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာရင့်သန်အောင် ပြုစုပျိုးထောင် ပေးနိုင်ခဲ့ပြီး ပြည်ထောင်စုပန်များ လှပဝင့်ထည်စွာသင်းပျံ့ခဲ့သော နေ့ရက်များအကြောင်း ပြောလိုပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနဟူ၍ ဌာနကြီး ၂ ခုဖြင့် ဖွဲ့စည်းထားပါသည်။ ဝန်ကြီးဌာန၏ဦးတည်ချက် ၈ ရပ်တွင် “ နယ်စပ်ဒေသမှတိုင်းရင်းသားလူငယ်များအား အခြေခံနှင့် အဆင့်မြင့်၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးရန်”ဟူသော ဦးတည်ချက်နှင့်အညီ အခြေခံပညာရပ်များအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၄၅ ကျောင်း၊ အထောက်ပံ့ခံပရဟိတကျောင်း ၂၉ ကျောင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း ၉ ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၆ ကျောင်း၊ အဆင့်မြင့် ပညာရပ်များအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ်ထားပါသည်။
ထို့ပြင်မက ဝန်ကြီးဌာန၏လုပ်ငန်းစဉ် ၁၈ ရပ်တွင် “နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွနေထိုင်ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နားလည်ရင်းနှီးစေခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ကို ပိုမိုခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်း” ဟူသောအချက် ပါဝင်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ်(၆) ကျောင်းသား၊ ကျောင်းသူများသည်ကား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ထံမှ ဩဝါဒခံယူခဲ့ ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားအား အောက်တိုဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၏ ဝိဇ္ဇာ/ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ အမှတ်စဉ်(၁၇)တို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၏ ဝိဇ္ဇာ/ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာအမှတ်စဉ်(၂၀)တို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်း အနားအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်တို့တွင်လည်းကောင်း အသီးသီး ကျင်းပ ခဲ့ပါသည်။ ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ဝိဇ္ဇာ/ သိပ္ပံဘွဲ့ ၁၇၄ ဦး၊ A.G.T.I ဒီပလိုမာ ၄၇ ဦးနှင့် ဒီဂရီကောလိပ် (ရန်ကုန်)တွင် ဝိဇ္ဇာ/ သိပ္ပံဘွဲ့ ၁၅၂ ဦး၊ A.G.T.I ဒီပလိုမာ ၅၅ ဦး၊ စုစုပေါင်း ၄၂၈ ဦး အား သက်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာများပေးအပ်ပြီး ဝန်ကြီးဌာနအသီးသီးမှ အလုပ်ခန့်အပ်လွှာများ ပေးအပ်နိုင်ခဲ့ပါသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟို ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၃)တွင် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က “ဒီဂရီကောလိပ်ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် MSMEs လုပ်ငန်းများတွင် ဦးဆောင်ပါဝင်ရန်”ဟူသော လမ်းညွှန်ချက်နှင့် အညီ ဒေသအုပ်ချုပ်ရေးအတွက် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရလူငယ်များ၏ ၅၀% အား ပြည်ထဲရေး ဝန်ကြီးဌာန၊ ၂၀% အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၁၅% စီအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများတို့သို့ ခွဲဝေ ပေးခဲ့ပါသည်။ MSMEs လုပ်ငန်းများတွင် ဦးဆောင်ပါဝင်နိုင်ရန် A.G.T.I ဒီပလိုမာ ရရှိသူ များအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့သို့ ၂၀% စီ ခွဲဝေ တာဝန်ပေးအပ်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)နှင့် (မန္တလေး) အား ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် တည်ရှိပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) အား ၂၀၁၄ ခုနှစ် တွင် အုန်းတောကျေးရွာ၊ စစ်ကိုင်းမြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ ဒီဂရီ ကောလိပ် ၂ ကျောင်းတွင် ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များနှင့် အင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပေးလျက်ရှိသည်။ ဒီဂရီကောလိပ်များတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းများအတွက် ၄ နှစ်၊ A.G.T.I ဒီပလိုမာသင်တန်းအတွက် ၃ နှစ် သင်ကြားရပါသည်။
ဒီဂရီကောလိပ်များတွင် နယ်စပ်ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော တိုင်းရင်းသားလူငယ်လေးများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှပျိုးထောင်လျက်ရှိသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအသီးသီးမှ တိုင်းရင်းသားလူငယ်လေးများအား သင်တန်းရွေးချယ်ရေးကော်မတီက ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်၂၄ ချက်နှင့်အညီ ရွေးချယ်ပါသည်။ အဓိကအားဖြင့် နယ်စွန်နယ်ဖျားဒေသ၊ ပြည်ထောင်စုတိုင်းရင်းသား၊ မိဘမဲ့ (သို့မဟုတ်) မိမဲ့ (သို့မဟုတ်) ဖမဲ့၊ ဆင်းရဲနွမ်းပါးပြီး ပညာကိုလိုလားကြိုးစားသင်ယူလိုသူများကို ဦးစားပေးရွေးချယ်ပါသည်။
ဒီဂရီကောလိပ်၏ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က စားဝတ်၊ နေရေး၊ ကျန်းမာရေးကစ၍ အစစအရာရာ လိုလေသေးမရှိ ထောက်ပံ့ပေးထားပါသည်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ရိက္ခာစိုငွေများ အပြင် ဝတ်စုံများအနေဖြင့် တိုက်ပုံ၊ ဆာဖာရီ၊ လည်ကတုံး၊ လုံချည်၊ ဘောင်းဘီ၊ ရင်ဖုံး (လက်ရှည်)၊ တီရှပ်၊ ဘောင်းဘီရှည်၊ လက်ဆွဲအိတ်၊ ညှပ်ဖိနပ်၊ ကင်းဘတ်ဖိနပ်၊ ခြေအိတ်၊ အိပ်ယာပစ္စည်းများ၊ စာရေးကိရိယာများ၊ လစဉ်မုန့်ဖိုးစသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများလိုအပ်ချက်ကို ပြည့်မီစွာထောက်ပံ့ပေးထားပါသည်။
့ပြင်သာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုး၊ ကြံခိုင်ရေးအတွက် နေ့စဉ် ကြက်ဥ ၂ လုံး၊ နွားနို့ ၂၀ ကျပ်သားအပြင် ဂျုံဖြင့် ပြုလုပ်ထားသော အစားအစာကို တစ်ပါတ်လျင် ၅ ရက်နှုန်းဖြင့် ကျွေးမွေးရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော် အကြီးအကဲ ၏ စေတနာသည်ကြီးမားသကဲ့သို့ ဤကျောင်းသား၊ ကျောင်းသူများအပေါ် နိုင်ငံတော်မှမည်မျှအထိ မျှော်လင့်ချက် ကြီးမားကြောင်းပေါ်လွင်စေပါသည်။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် ဤကျောင်းတော်များသည်ကား ပြည်ထောင်စုတိုင်းရင်းသားများအတွက် ပြည်ထောင်စုကျောင်းတော်များ ဖြစ်သောကြောင့်ဖြစ်သည်။ ပြည်ထောင်စုကျောင်းတော်များတွင် ပြည်ထောင်စုကြီးအတွက် အသက်ဝိဉာဉ်သဖွယ်အရေးကြီးသော ပြည်ထောင်စုစိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်ပေးသောကြောင့်ဖြစ်သည်။
ဤကျောင်းတော်ကြီးများ၏ ရည်ရွယ်ချက်များတွင် “ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည်ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်းပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်”ဟူသော အချက်ပါဝင်ပါသည်။
ကျောင်းသား၊ ကျောင်းသူများနေ့စဉ်ရွတ်ဆိုရသော သစ္စာအဓိဋ္ဌာန်(၄)ချက်ကိုလည်း တင်ပြလိုပါသေးသည်-
(က) ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။
( ခ ) ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ပါမည်။
( ဂ ) ကျွန်ုပ်တို့သည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံတော်ကို တည်ဆောက်သူများဖြစ်အောင် ကြိုးစားအားထုတ်ပါမည်။
(ဃ) ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါမည်။” ဟူ၍ ဖြစ်ပါသည်။
ဤကဲ့သို့ ဒို့တာဝန်အရေးသုံးပါးကို အသက်ပေး၍ကာကွယ်စောင့်ရှောက်သော၊ ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံတော်ကိုတည်ဆောက်မည်ဟု သစ္စာအဓိဋ္ဌာန်ပြုသော ကျောင်းသား၊ ကျောင်းသူများကို မည်ကဲ့သို့ပျိုးထောင်ပါသနည်း။ မနက် ၀၅၀၀ နာရီ အိပ်ယာထချိန်မှစ၍ ည ၂၂၀၀ နာရီ မီးပိတ်ချိန်အထိ စည်းကမ်းစနစ်ကျနစွာ လေ့ကျင့်ပျိုးထောင်ပေးပါသည်။
ဤကျောင်းတော်ကြီး၏ အိပ်ဆောင်များတွင် တိုင်းရင်းသားပေါင်းစုံ စုစည်း၍ နေထိုင်ကြရသည်။ ဤကျောင်းတော်ကြီး၏ စာသင်ဆောင်များတွင် တိုင်းရင်းသားပေါင်းစုံ စုစည်း၍ ပညာသင်ကြားရသည်။ ဤကျောင်းတော်ကြီး၏ စားရိပ်သာများတွင် တိုင်းရင်းသားပေါင်းစုံ စုစည်း၍ စားသောက်ကြရသည်။ ဤကျောင်းတော်ကြီး၏ အားကစားအချိန်များတွင် တိုင်းရင်းသားပေါင်းစုံ စုစည်း၍ အားကစားလေ့ကျင့်ခန်းများပြုလုပ်ကြရသည်။ ဤကျောင်းတော်ကြီးများ၏ ဖွံ့ဖြိုးရေး အချိန်များတွင် ဖွံ့ဖြိုးရေးဘာသာရပ်များသာမက တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများ ဖလှယ်ခွင့် ရရှိကြသည်။ ဤကျောင်းတော်များတွင် တိုင်းရင်းသား အချင်းချင်း Guardian စနစ်ထားရှိ သည်။ Senior ကျောင်းသား၊ ကျောင်းသူများက Junior ကျောင်းသား၊ ကျောင်းသူများကို အစ်ကိုကြီးသဖွယ်၊ အစ်မကြီးသဖွယ် အုပ်ချုပ်ရသည်။ သူတို့၏ အဆောင်မှူးများ၊ ဆရာ/ ဆရာမ များသည်လည်း အများအားဖြင့် ဤကျောင်းဆင်း တိုင်းရင်းသား၊ တိုင်းရင်းသူများ ဖြစ်ကြပါသည်။
ဤကဲ့သို့သော နေထိုင်စားသောက်ပုံစနစ်က သူတို့တစ်တွေ၏ စိတ်ဝိဉာဉ်တွင် သူတို့ တစ်တွေသည် ပြည်ထောင်စုသား၊ သွေးသားညီရင်းအစ်ကို၊မောင်ရင်းနှမများဟူသည့် စိတ်ဓာတ်ကို အလိုအလျောက်ဖြစ်ထွန်းစေခဲ့သည်။ ဤကျောင်းတော်များသည်ကား ပြည်ထောင်စုကျောင်းတော်များဖြစ်သည်။ ဤနိုင်ငံသည်ကား ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်သည်။ သူတို့တစ်တွေသည် ဤကျောင်းတော်များကို ချစ်ကြသည်။ သူတို့တစ်တွေသည် ဤနိုင်ငံတော်ကို ချစ်ကြသည်။ သူတို့ အချင်းချင်း၏ ၄ နှစ်တာ တွယ်တာခဲ့သော သံယောဇဉ်သည်လည်းခိုင်မာလွန်းကာ တစ်မိထဲဖွား မောင်နှမများကဲ့သို့ လက်သဲဆိတ်၊ လက်ထိပ်က နာကြသူများဖြစ်သည်။
ဤကျောင်းတော်ကြီးတွင် သက်ဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ပညာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားရသည် သာမက တိုင်းရင်းသားရေးရာဌာနများဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ်များကိုပါ သင်ကြားပို့ချပါသည်။ စာတွေ့အားဖြင့် ပြည်ထောင်စု စိတ်ဓာတ်၏အရေးပါမှုကို နားလည်သဘောပေါက်ကြပြီး လက်တွေ့အားဖြင့် တိုင်းရင်းသားအချင်းချင်း အတူတစ်ကွနေထိုင်၊ ဖေးမကူညီခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုခိုင်မာမှုကိုရရှိကာ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အဓိပ္ပာယ်ပြည့်ဝစွာ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။ ရလာဒ်သည်ကား ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေတည်၍ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်သော၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နိုင်သော အနာဂတ်နိုင်ငံတော်ကြီးအတွက် ဦးဆွေးဆံမြေ့ နိုင်ငံ့ဝန်ကိုထမ်းကြမည့် တိုင်းရင်းသား လူငယ်များအဖြစ် မွေးဖွားသန့်စင်နိုင်ခြင်းပင်ဖြစ်ပါသည်။
ဤကျောင်းတော်ကြီးမှ ကျောင်းဆင်းများသည် ဒို့တာဝန်အရေးသုံးပါးကို အသက်နှင့် ထပ်တူ ထိန်းသိမ်းကာကွယ်လိုသော စိတ်၊ ပြည်ထောင်စုသားအချင်းချင်း ဥမကွဲသိုက်မပျက် နေထိုင်လိုသော စိတ်၊ ပြည်ထောင်စုကြီးကို ထိပါးမည့်အန္တရာယ်များမှ ကာကွယ်ပေးမည့် စိတ်၊ ပြည်ထောင်စုသားအချင်းချင်း တွဲလက်များမြဲမြံမှ ပြည်ထောင်စု၏ ရန်စွယ်မှန်သမျှ ကာကွယ်နိုင် မည်ဟူသော ခံယူချက်၊ တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အေးအတူ ပူအမျှနေထိုင်၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို အတူတကွတည်ဆောက်လိုသော စိတ်များသည်ကား ဤကျောင်းဆင်းများ၏ နှလုံးသားတွင် ထာဝရရှင်သန်နေသော အရှိတရားပင်ဖြစ်တော့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသည် စတင်ဖွင့်လှစ်သည့် ၂၀၀၀ ပြည်နှစ်မှ ယနေ့အချိန်ထိ မဟာဝိဇ္ဇာဘွဲ့ ၁၄၉ ဦး၊ မဟာသိပ္ပံဘွဲ့ ၃၂၇ ဦး၊ မဟာသုတေသနဘွဲ့ ၈၂ ဦး၊ ပါရဂူဘွဲ့ ၃၃ ဦး၊ M.E ဘွဲ့ ၃၇ ဦး၊ ဝိဇ္ဇာဘွဲ့ ၁၁၀၈ ဦး၊ သိပ္ပံဘွဲ့ ၂၂၅၉ ဦး၊ A.G.T.I ဒီပလိုမာ ၁၅၄၀ ဦး၊ B.Tech ဘွဲ့ ၂၇၄ ဦး၊ စုစုပေါင်း ၅၁၈၃ ဦး မွေးထုတ် ခဲ့ပြီးဖြစ်သည်။ သူတို့တစ်တွေသည် နိုင်ငံတော်၏ ဒေသအသီးသီးတွင် ဝန်ထမ်းကောင်းများ အဖြစ် ကျရာတာဝန်များကို ထမ်းဆောင်လျက်ရှိကြပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က သင်တန်းဆင်းမိန့်ခွန်းများ မြွက်ကြား ရာတွင် “မောင်တို့မယ်တို့ဟာ ကိုယ်ကျင့်တရားကောင်းတွေကို လေ့ကျင့်မွေးမြူထားတဲ့ နိုင်ငံ့ သားကောင်းတွေဖြစ်တာနဲ့အညီ ဘဝခရီးကို မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်သူတွေ ဖြစ်အောင် မိမိကိုယ်ကိုလည်း အလေးထား၊ ပတ်ဝန်းကျင်ကိုလည်း အလေးထား၊ အမှုမဲ့ အမှတ်မဲ့ ဆိုတာ မရှိစေဘဲ အသိတရား၊ သတိတရားတွေနဲ့ စဉ်းစားတွေးခေါ်ပြီး လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။”
“မောင်တို့မယ်တို့ဟာ နိုင်ငံ့ဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်ကြတဲ့အခါ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအတိုင်း ကျင့်ဝတ်စည်းကမ်း တန်ဘိုးများကိုသိရှိပြီး လုပ်ငန်းစွမ်းဆောင် ရည်အပြည့်နဲ့ မြင့်မားတဲ့စိတ်ဓာတ်၊ မှန်ကန်တဲ့ခံယူချက်အကျင့်စာရိတ္တကောင်းတွေကို လက်ကိုင် ပြုပြီး နိုင်ငံတော်ရဲ့တာဝန်တွေကို ကြိုးစားထမ်းဆောင်သွားကြဖို့ မှာကြားလိုတယ်။”
နှစ်ရှည်လများပြုစုပျိုးထောင်ခဲ့ရလေသော သားသမီးများအပေါ်ဖခင်တစ်ဦး၏ ဩဝါဒများ ဖြစ်သည်။ သူပျိုးထောင်ခဲ့သောပန်းများ လှပသင်းပျံ့စွာ လောကကို အလှဆင်ကြတော့မည်ဖြစ်၍ ဖခင်ကျေနပ်နေရှာသည်။ သားသမီးများကလည်း ဖခင်၏ဩဝါဒများကို ရှေ့ဆက်လျှောက်လှမ်းရ မည့်ခရီးအတွက် ဘဝ၏ မီးရှူးတန်ဆောင်အဖြစ်ခံယူကာ လိုက်နာကျင့်သုံးကြပေလိမ့်မည်။
အချိန်ကာလသည် လျင်မြန်စွာရွေ့လျားတတ်သည့် သဘောရှိနေလေသည်။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှစတင်ခဲ့လေသော ဒီဂရီကောလိပ်များသည် ၂၄ နှစ် သက်တမ်းရှိခဲ့လေပြီ။ ကျောင်းဆင်း တိုင်းရင်းသားလေးများသည် ဝန်ကြီးဌာနအသီးသီး၌ တစ်ချို့ဆိုလျင် ညွှန်ကြားရေးမှူးအဆင့်အထိ၊ တစ်ချို့က တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ပေးအပ်သောတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်နေကြသည်။ ယခုလည်း လောကကိုအလှဆင်မည့်မျိုးဆက်သစ်များကို မွေးထုတ် ပေးနိုင်ခဲ့ပြန်ပြီ။ အချိန်ကာလများ မည်သို့ပင်ပြောင်းလဲပါစေ ဤကျောင်းဆင်းတိုင်းရင်းသား မောင်မယ်များသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ၏ သားသမီးများပီသစွာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ နိုင်ငံ့တာဝန်များကို ဦးဆွေးဆံမြည့် ထမ်းရွက်ကြမည့် ပုံရိပ်များကိုမြင်ယောင်ရင်း ဒီဂရီကောလိပ်ကျောင်းဆင်းတိုင်းရင်းသားမောင်မယ် များအား ရေးသားဂုဏ်ပြုလိုက်ပါသည်။
ကလောင်အမည် ၊ ဇော်လင်း
အမည် ၊ ဦးဇော်လင်း
ရာထူး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အဆင့်မြင့်)
ဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊
နယ်စပ်ရေးရာဝန်ကြီးဌာန။



